သွားနှင့် ဆေးတက္ကသိုလ်များ ဝင်ခွင့်အတွက် လူတွေ့စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း

 

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာတက္ကသိုလ်များသို့ ဦးစားပေးလျှောက်ထားသူများအနက် ကျောင်းသားဦးရေ (၁,၄၀၀) ကျော်သည် ပထမအဆင့် လူတွေ့စာမေးပွဲ ဖြေဆိုခွင့်အတွက် ရွေးချယ်ခံရကြောင်း သိရသည်။ 
 

တက္ကသိုလ်ဝင်ခွင့်အတွက် လူတွေ့နှုတ်မေးစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း၊ ခုံအမှတ်၊ ဖြေဆိုရမည့် ရက်နှင့် နေရာတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါကြေညာချက် အပြည့်အစုံကို ကျန်မာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website (www.hrh.gov.mm) နှင့် ဆေးတက္ကသိုလ် -၂ (ရန်ကုန်)၏ Website (www.um2ygn.edu.mm) တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

အချက်အလက်များကို သေချာဖတ်ရှုပြီး လူတွေ့နှုတ်မေးစာမေးပွဲ ဖြေဆိုရမည့်နေရာ၊ သတ်မှတ်နေ့ရက်နှင့် အချိန်များအတိုင်း မပျက်မကွက် သွားရောက်ဖြေဆိုရမည်။ နံနက်ပိုင်းတွင် ဖြေဆိုရမည့်သူများအနေဖြင့် နံနက် (၇:၃၀) နာရီ အရောက်သွားရမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ဖြေဆိုရမည့်သူများအနေဖြင့် နေ့လယ် (၁၂:၀၀) နာရီ အရောက်သွားရမည်ဖြစ်သည်။

 

စာမေးပွဲဖြေဆိုရန် သူနာပြုသင်တန်းကျောင်း (နေပြည်တော်) နှင့် သားဖွားသင်တန်းကျောင်း (နေပြည်တော်) တို့အနက် မိမိဖြေဆိုရမည့်နေရာကို သွားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် (မူရင်း)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း) တို့ကို မမေ့မလျော့ ယူဆောင်သွားရန် လိုအပ်သည်။ 

 

ခုံအမှတ် (၁) မှ (၅၀၀) အထိသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင်လည်းကောင်း၊ ခုံအမှတ် (၅၀၁) မှ (၁၀၀၀) အထိသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင်လည်းကောင်း၊ ခုံအမှတ် (၁၀၀၁) မှ (၁၄၂၉) အထိသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင်လည်းကောင်း အသီးသီးဖြေဆိုရမည်ဖြစ်သည်။ 

 

လူတွေ့နှုတ်မေး စစ်ဆေးရာမှာ -

- ကိုယ်ချင်းစာနာမှု (Empathy)၊

- ရိုးသားတည်ကြည်မှု (Honesty and integrity)၊

- ဆေးပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုရန်ဆန္ဒရှိမှု (Motivation)၊

- ရှင်းလင်းပြတ်သားစွာ ပြောဆိုဆက်ဆံနိုင်မှု (Communication Skill)၊

- ကျင့်ဝတ် သိက္ခာရဲ့တန်ဖိုးကိုနားလည်မှု (Ethical Awareness)၊

- တာဝန်သိမှုနှင့် အလုပ်ကို လေးစားမှု (Respect the Duties)၊

- ခံယူချက် (Attitude)၊

- ပြုမူပြောဆိုဆောင်ရွက်မှု (Behaviour)၊

- ဆရာဝန်တစ်ယောက်ရဲ့ ဆေးပညာရပ်အပေါ်ထားရှိရမည့် စိတ်နေသဘောထား (Attitude towards Professionalism) နှင့် ပတ်သက်ပြီး မေးခွန်းများ မေးမြန်းမည်ဖြစ်သည်။ ဒါကြောင့် လူတွေ့နှုတ်မေးစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူတွေအနေဖြင့် အထက်ပါအကြောင်းအရာများကို ကြိုတင်လေ့လာထားသင့်သည်။

-----------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News Read 826 times