NUAC (ရန်ကုန်) မှ ဖွင့်လှစ်မည့် မဟာဝိဇ္ဇာဘွဲ့သင်တန်း (၅) ခု

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် (၂) နှစ်တာကာလ မဟာဝိဇ္ဇာဘွဲ့သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရပါသည်။ 

 

အဆိုပါဘွဲ့သင်တန်းများမှာ - 

- မဟာဝိဇ္ဇာဘွဲ့ (ဂီတ)

- မဟာဝိဇ္ဇာဘွဲ့ (သဘင်)

- မဟာဝိဇ္ဇာဘွဲ့ (ပန်းချီ)

- မဟာဝိဇ္ဇာဘွဲ့ (ပန်းပု)

- မဟာဝိဇ္ဇာဘွဲ့ (ရုပ်ရှင်နှင့်ပြဇာတ်) တို့ဖြစ်ပါသည်။

 

လျှောက်ထားသူများသည် အောက်ပါသတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီသူများဖြစ်ရပါမည်။

- ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ် အထူးပြုဘာသာရပ်များဖြင့် ဝိဇ္ဇာဘွဲ့နှင့် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့များတွင် မဟာဝိဇ္ဇာဘွဲ့သင်တန်းတက်ရောက်ရန် အဆင့်မီသူ 

- တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်း တက်ရောက်မနေသူ

- သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူ

- ဝန်ထမ်းဖြစ်ပါက သင်တန်းကို အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာအကြီးအကဲ၏ ခွင့်ပြုချက်ကို ပူးတွဲတင်ပြနိုင်သူ

 

လျှောက်လွှာပုံစံများကို သင်တန်းရေးရာဌာန (အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၁/ဈ၊ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး) တွင် ထုတ်ယူနိုင်ပြီး ၁၂.၁၁.၂၀၂၄ ရက်နေ့တွင်  နောက်ဆုံးထား လျှောက်ထားရပါမည်။

 

၁၈.၁၁.၂၀၂၄ ရက်နေ့၊ နံနက် ၉ နာရီမှ ၁၂ နာရီအထိ အင်္ဂလိပ်စာရေးဖြေစာမေးပွဲ၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ သက်ဆိုင်ရာအနုပညာဘာသာရပ် ရေးဖြေစာမေးပွဲနှင့် ၁၉.၁၁.၂၀၂၄ ရက်နေ့၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာ အနုပညာဘာသာရပ် လူတွေ့နှင့် လက်တွေ့စစ်ဆေးခြင်းတို့ကို ဖြေဆိုရပါမည်။ 

 

သင်တန်းဝင်ခွင့်အောင်စာရင်းအား ၂၁.၁၁.၂၀၂၄ ရက်နေ့တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) စွယ်တော်ဆောင်ရှိ ကြော်ငြာသင်ပုန်းတွင် ကြေညာပေးသွားမည်ဖြစ်သည်။ သင်တန်းများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။


သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သင်တန်းရေးရာဌာန၊ ဌာနမှူး၊ ဖုန်း-၀၉၄၂၁၀၁၂၈၀၈ နှင့် မော်ကွန်းထိန်း ဖုန်း-၀၉-၇၈၈၁၈၉၁၈၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 


--------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News Read 379 times