မလေးရှားတွင် ကျောင်းသားတစ်ဦးသည် စာမေးပွဲစာရွက်တွင် ဖြေဆိုရမည့် အက်ဆေးအစား Rosé နှင့် Bruno Mars တို့၏ "APT" သီချင်းစာသားတစ်ပုဒ်လုံးကို ချရေးခဲ့ကြောင်း ဆရာမသည် TikTok တွင် မျှဝေခဲ့သည်။
ဆရာမသည် ထိုကျောင်းသား၏ အပြုအမူကြောင့် စိတ်ပျက်ပြီး ဆရာတွေအပေါ် မလေးမစားလုပ်ခြင်း၊ တာဝန်မဲ့ခြင်းကြောင့် ထိုအဖြစ်အပျက်ကို ယခုလို Tiktok ပေါ်တွင် မျှဝေရေးသားခဲ့သည်။
ဆရာမ၏ TikTok ဗီဒီယိုတွင် မလေးစာပေဝတ္ထု Tawanan Komander Caucasus ကို အခြေခံထားသည့် မေးခွန်းပါ စာမေးပွဲစာရွက်ကို ဖော်ပြထားသည်။ သို့သော် ကျောင်းသားသည် မေးခွန်းကို ဖြေဆိုရမည့်အစား APT သီချင်းစာသား တစ်ခုလုံးနီးပါးကို စေ့စေ့စပ်စပ် ရေးခဲ့သည်။
ဆရာမသည် "ငါဘာအမှားလုပ်မိလဲ? ဒီကျောင်းသား ငါတို့တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်ပါ့မလား၊ တကယ်ကို ရိုင်းတယ်" ဟု TikTok ဗီဒီယိုတွင် ရေးသားဖော်ပြခဲ့သည်။ ကျောင်းသားသည် သီချင်းအတိအကျအတိုင်း နှစ်ခါဆိုရမည့်နေရာတွင် "2×" ဖြင့် ထပ်ခါတလဲ အမှတ်အသားပြုထားတာကိုလည်း ပုံတွင် တွေ့ရသည်။
အဆိုပါ ဆရာသည် "ဆရာတွေက ကိုယ့်ကျောင်းသားတွေကို အကောင်းဆုံး ပညာရေး ပေးစွမ်းဖို့ အစွမ်းကုန် ကြိုးစားပေမဲ့ ကျောင်းသားတွေကတော့ ဒီလိုနည်းနဲ့ ကျေးဇူးပြန်ဆပ်လိုက်တယ်" ဟု စိတ်ပျက်စွာ ပြောသည်။
တောင်ကိုရီးယား မိန်းကလေးအဖွဲ့ Blackpink အဖွဲ့ဝင် Rosé နှင့် Bruno Mars တို့ ပူးပေါင်း သီဆိုထားသည့် APT သီချင်းသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် ထွက်ရှိပြီးနောက် မကြာမီတွင် ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
၎င်း၏ စွဲမက်ဖွယ် သံစဉ်နှင့် စာသားများကြောင့် ထိုသီချင်းသည် တောင်ကိုရီးယားရှိ ကျောင်းသားများအတွက်လည်း အာရုံထွေပြားစေကြောင်း သိရသည်။
College Scholastic Ability Test (CSAT) အတွက် ပြင်ဆင်နေသည့် ကျောင်းသားမျာကြား APT သည် “တားမြစ်ထားတဲ့ သီချင်း” ဖြစ်လာတယ်လို့ Korea JoongAng Daily အရ သိရသည်။