အထက်တန်းအဆင့် ‌ကျောင်းသားများ ကျောင်းသုံးစာအုပ် ပြန်အပ်ရမည်

ဖတ်စာအုပ်များ ပုံနှိပ်ထုတ်ဝေရာမှာ အခက်အခဲရှိတာကြောင့်နှင့် ပညာရေးဘတ်ဂျတ်ကို လျှော့ချရန်အတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစပြီး ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းစနစ် စတင် ကျင့်သုံးမည်ဟု ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။   

ယခုပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းအဆင့်များဖြစ်သည့် Grade-10၊ Grade-11၊ Grade-12 ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းသုံးဖတ်စာအုပ်များကို ပြန်သိမ်းရန် ပညာရေးဌာနက ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းပညာရေးမှူးရုံးက သိရသည်။

အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၏ ဖတ်စာအုပ်များကို ပြန်သိမ်းပြီး လာမည့်ပညာသင်နှစ်တွင် လက်ဆင့်ကမ်း ပြန်လည် မျှဝေသွားမည်ဖြစ်တာကြောင့် စာမေးပွဲနောက်ဆုံးနေ့တွင် စာအုပ်များ သိမ်းယူသွားမည်ဟု ရန်ကုန်တိုင်းပညာရေးမှူးရုံးက အရာရှိတယောက်က ပြောသည်။

“အဓိကတော့ ကျောင်းက အခမဲ့ ထုတ်ပေးတဲ့ စာအုပ်တွေကို ပြန်အပ်ရမှာ။ မအပ်နိုင်ရင်တော့ စာအုပ်ဖိုးသွင်းရမယ့် သဘောပေါ့။” ဟု အခြေခံပညာ ဆရာမတစ်ဦးက ပြောသည်။

ဖတ်စာအုပ်များ လက်ဆင့်ကမ်း ပြန်အပ်ရသည့် စနစ်ပြောင်းလဲလျှင် ကျောင်းသားများအနေဖြင့် စာအုပ်အဟောင်းများကို ပြန်ကိုင်ရမှာကြောင့် ကျောင်းသားမိဘများက ဝေဖန်နေကြသည်။ "လက်ရှိ စနစ်သစ်အရ ပုံနှိပ်စာအုပ်ထဲမှာ ဖြေဆိုရတာ၊ ရေးသားရတာတွေ ပါနေတဲ့အတွက် ဒီလို ပုံနှိပ်စာအုပ် ပြန်အပ်တဲ့စနစ်က နောက်တက်မယ့် ကလေးတွေအတွက် အဆင်မပြေနိုင်ဘူး" ဟု ကျောင်းသားမိဘတချို့က ပြောသည်။

လက်ရှိမှာ အခြေခံပညာ အထက်တန်း ဖတ်စာအုပ်တစ်စုံကို ပြင်ပစာအုပ်ဆိုင်များမှာ ကျပ်တစ်သောင်းကျော်ဝန်းကျင်ကနေ သုံးသောင်းကျော်ထိ ပေါက်ဈေးရှိနေပြီး မြို့နယ်တချို့က စာသင်ကျောင်းများမှာ ပညာသင်နှစ်ကုန်သည်အထိ ပုံနှိပ်စာအုပ် အစုံအလင် မရရှိသေးသော ကျောင်းသားများ ရှိနေသေးသည်။

Source - DVB , Mawkun

=============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 131 times