ဘေလ်ဂိတ်နဲ့ ဇနီး မယ်လင်ဒါဂိတ်က ပေးတဲ့ စကောလားရှစ်ပါ

ဘေလ်ဂိတ်နဲ့ ဇနီး မယ်လင်ဒါဂိတ်က ပေးတဲ့ စကောလားရှစ်ပါ

ကိန်းဘရေ့ခ်ျတက္ကသိုလ်တွင် ပညာသင်ဆုရရန်အခွင့်အရေး(သို့မဟုတ်) Gates Cambridge Scholarships for International Students

ဒီစကောလားရှစ်က ဘီလျှံနာသူဌေးကြီး ဘေလ်ဂိတ်နဲ့ ဇနီး မယ်လင်ဒါဂိတ်က ပေးတဲ့ စကောလားရှစ်ပါ.. ယူကေမှာ ကျောင်းတက်ချင်ပါတယ်၊ ကိန်းဘရေ့ခ်ျလို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်မျိုးမှာ ပညာသင်ချင်ပါတယ်၊ ပြီးတော့ ကိုယ့်ဘာသာလည်း တော်တယ်လို့ ယုံကြည်မှုရှိတယ်ဆိုရင် ဒီစကောလားရှစ်ဟာ လက်မလွတ်စတမ်း လျှောက်သင့်တာပါ။

မြန်မာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် သီးသန့်ပေးတာ မဟုတ်ဘဲ တကမ္ဘာလုံးက ယူကေနိုင်ငံအပြင်က ဘယ်နိုင်ငံသားမဆို ပေးလျှောက်လို့ အပြိုင်အဆိုင်များတာတော့ မှန်ပါတယ်.. ဒါပေမယ့် ဒီလောက်နဲ့တော့ အားမလျှော့စေချင်ပါဘူး.. ဘာလို့ဆို ဒီစကောလားရှစ်က ၂၀၁၈အတွက် ဒီစကောလားရှစ်က ကျောင်းသားအယောက်(၉၀)စာ ပေးမှာမို့ပါပဲ။

ဒီပညာသင်ဆုကို ရခဲ့ရင် ကိန်းဘရေ့ခ်ျတက္ကသိုလ်မှာ အချိန်ပြည့် မာစတာဘွဲ့တန်း ဒါမှမဟုတ် Ph.D ဘွဲ့ သင်ယူသုတေသနပြုရမှာဖြစ်ပြီး ဘယ်သူတွေ လျှောက်ခွင့်ရှိလဲဆိုရင်တော့ ယူကေနိုင်ငံသား မခံထားသူတိုင်း လျှောက်ခွင့်ရှိပါတယ်.. လျှောက်ထားနိုင်တဲ့အတန်းတွေကတော့

▪️ Ph.D (Three year research-only Degree)

▪️ MSc or MLitt (Two year research-only Degree)

▪️ One Year postgraduate course (eg. MPhil, MAST, Diploma,MBA etc.) တို့ ဖြစ်ပါတယ်..

အသက်ကန့်သတ်ထားတာတော့လည်း မရှိပါဘူး.. အခုမှ ကျောင်းပြီးကာစ လူငယ်များထက် လူလတ်ပိုင်း အလုပ်အတွေ့အကြုံ အခိုင်အမာရှိထားသူများနဲ့ ပိုသင့်လျော်ပါတယ်။

ဘာသာရပ်အားဖြင့် ကန့်သတ်ချက်ကို ထည့်မရေးထားတာမို့ ယေဘုယျအားဖြင့် ကိန်းဘရေ့ခ်ျတက္ကသိုလ်မှာ သင်ကြားတဲ့ ဘာသာရပ်တိုင်းလိုလိုထဲက ရွေးချယ်လျှောက်ထားလို့ ရဟန်ရှိပါတယ်.. Undergraduate တန်းတွေ, အချိန်ပိုင်းအတန်းတွေနဲ့ MD Doctor of Medicine Degree, MBBChir Clinical Studies တွေတော့ လျှောက်ထားခွင့်မရှိပါဘူး။

ဘယ်လိုလျှောက်ထားရမလဲဆိုရင် ကိန်းဘရေ့ခ်ျတက္ကသိုလ်ရဲ့ ပင်မဝက်ဘ်ဆိုက်ကနေ ကိုယ်လျှောက်ထားချင်တဲ့ ဘာသာရပ်နဲ့ အတန်းကို အရင်ရွေးရပါမယ်။

လျှောက်တဲ့အခါ Course Deadline နဲ့ Funding Deadline နှစ်ခုရှိပြီး ပိုစောတဲ့ Deadline အမီ လျှောက်ရပါမယ်.. သတိထားရမှာက Deadline တိုင်းဟာ သတ်မှတ်ရက်ရဲ့ ယူကေစံတော်ချိန် နေ့လယ်(၁၂) နာရီဖြစ်ပါတယ်.. အမှားမခံပါဘူး..

လျှောက်ထားတဲ့အခါမှာ Cambridge University ရဲ့ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်တွေကို မီဖို့လိုသလို Gates Cambridge Statement ကိုလည်း ရေးဖို့လိုပါတယ်.. စာလုံးရေ ငါးရာနဲ့ သုံးထောင်ကြားမှာ ဒီစကောလားရှစ်ကို ဘာကြောင့်လျှောက်ထားတယ်ဆိုတာနဲ့ အောက်ပါအချက်လေးချက်နဲ့ ကိုယ်ဟာပြည့်စုံသူဖြစ်ကြောင်း အရွေးခံချင်စရာကောင်းအောင် တင်ပြနိုင်သူဖြစ်ရပါမယ်..

လျှောက်ထားလိုသူတွေဟာ

▪️ ဉာဏ်ပညာထူးချွန်သူ (ပညာရေးနောက်ခံပိုင်းကို ယှဉ်ကြည့်ပြီး အတော်ဆုံးတွေကို ရွေးပါမယ်)

▪️ ခေါင်းဆောင်ရပ်ပိုင်း အလားအလာရှိသူ (ယခင်က ခေါင်းဆောင်ရပ်ပိုင်းဆိုင်ရာအစွမ်းအစ အတွေ့အကြုံတွေကို အကဲဖြတ်မှာဖြစ်ပြီး ခေါင်းဆောင်ရပ်ဆိုင်ရာပိုင်းထဲကမှ အခြားသူတွေကိုပါ ကိုယ်နဲ့အတူ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်သူတွေကို ဦးစားပေးရွေးချယ်မှာဖြစ်ပါတယ်)

▪️ အခြားသူတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးလိုစိတ်ရှိသူ (လူ့အဖွဲ့အစည်းအတွက် ပိုကောင်းအောင် မြှင့်တင်ကြိုးပမ်းလိုစိတ်ရှိသူ ဖြစ်ဖို့လိုပါတယ်)

▪️ ကိန်းဘရစ်ခ်ျမှာ လျှောက်ထားတဲ့ postgraduate programme ရယ်၊ လျှောက်ထားသူရဲ့ အရည်အချင်းနဲ့ ရည်မှန်းချက်တွေရယ်ဟာ ဆက်စပ်မှု (ကိုက်ညီမှု) ရှိနေရပါမယ်။ (ဘာ့ကြောင့် Cambridge မှာ ဘယ် postgraduate Programme ကို တက်လိုတယ်ဆိုတာ ကောင်းစွာတင်ပြနိုင်သူ ဖြစ်ရပါမယ်..)

ဒါ့အပြင် လျှောက်ထားသူတွေဟာ CV/ Resume တွေ တွဲတင်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ သုံးလေ့ရှိတဲ့ကိုယ်ရေးမှတ်တမ်း CVထက် ကျော်လွန်တဲ့ ကိုယ့်ရဲ့ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံတို့ကို အပြည့်အဝဖော်ပြနိုင်မယ့် နိုင်ငံတကာ Resume ပုံစံနဲ့ လျှောက်ထားသင့်ပါတယ်.. Ph.D ပါရဂူဘွဲ့တန်းကို လျှောက်မယ်ဆိုရင်တော့ Research Proposal ပါ တွဲတင်ရမှာ ဖြစ်ပါတယ်။

ထောက်ခံစာအနေနဲ့က (၂)စောင်လိုမှာ ဖြစ်ပြီး မိသားစုဝင်နဲ့ သူငယ်ချင်းဆွေမျိုးတွေဆီက မဟုတ်သ၍ ဘယ်သူ့ဆီက ထောက်ခံစာဖြစ်ရမယ်လို့ မကန့်သတ်ထားပါဘူး.. အဓိကကတော့ Gates Scholarship အကြောင်း သိသူ၊ လျှောက်ထားသူရဲ့ ခေါင်းဆောင်မှုအလားအလာနဲ့ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်မြှင့်တင်နိုင်စွမ်းရှိမယ်ဆိုတာကို ကောင်းကောင်းနားလည်သူဖြစ်ဖို့ပါပဲ။

ပုံမှန်အားဖြင့် ပညာရပ်ပိုင်းက ကိုယ်သင်ဖူးတဲ့ ပါမောက္ခဆီက ထောက်ခံစာတစ်စောင်နဲ့ အလုပ်ရှင်ဆီက ထောက်ခံစာတစ်စောင် သုံးကြလေ့ရှိတာပါ.. အရမ်းတော်ပါတယ်လို့ ရေးမယ့်အစား ဥပမာတွေ ဖြစ်ရပ်တွေနဲ့ ဘယ်လို အရည်အချင်းရှိကြောင်း စနစ်တကျထောက်ခံစာ ရေးပေးနိုင်ဖို့လိုပါတယ်။

ဒီ ၂၀၁၉ အောက်တိုဘာလမှာ သင်ယူခွင့်ရမယ့် ပညာသင်ဆုကို ဘယ်တော့စလျှောက်လို့ရမလဲဆို ဒီနှစ် စက်တင်ဘာလ(၃)ရက်နေ့မှ စလျှောက်လို့ ရပြီး Round (1) ဟာ ၁၀/အောက်တိုဘာ/၂၀၁၈ နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်.. Round (2) ကတော့ ကိုယ်လျှောက်ထားတဲ့ ဘာသာရပ်တန်းပေါ် မူတည်ပြီး ၀၅/ဒီဇင်ဘာ/၂၀၁၈ ဒါမှ မဟုတ် ၀၃/ဇန်နဝါရီ/၂၀၁၉ ဖြစ်နိုင်ပါတယ်...။

ဖြစ်နိုင်ရင်တော့ စောစောလျှောက်တာဟာ အကောင်းဆုံးပါပဲ.. ယေယျအားဖြင့် အဆင့်သုံးဆင့်ရှိပြီး ဌာနဆိုင်ရာရွေးချယ်ခြင်း၊ အင်တာဗျူးဖြေရမယ့် ပမာဏစာရင်းထုတ်ပြန်ခြင်းနဲ့ အင်တာဗျူးအောင်ပြီး စကောလားရှစ်ရခြင်းဖြစ်ပါတယ်.. လျှောက်ထားလွှာတွေထဲကမှ အင်တာဗျူးဖြေရမယ့်သူတွေကို ဒီဇင်ဘာနှောင်းပိုင်းမှာ ကြေညာမှာဖြစ်ပါတယ်...။

အင်တာဗျူးအောင်စာရင်းကတော့ ဇန်နဝါရီလထဲမှာ ကြေညာမှာပါ.. မအောင်မြင်သူတွေကိုတော့ ဘာ့ကြောင့်အရွေးမခံရလဲဆိုတဲ့ သုံးသပ်ချက် ထုတ်ပေးမှာ မဟုတ်ပါဘူး..

ခံစားခွင့်တွေအနေနဲ့ကတော့ စကောလားရှစ်ရခဲ့ရင် ကျောင်းလခအပြီးအစီးအပြင် ကိုယ်ပိုင်အသုံးစရိတ် တစ်နှစ်ကို £17,500 နဲ့ လေယာဉ်လက်မှတ် အသွားအပြန်စရိတ်ပါ ပေးမှာပါ.. ဒါဟာ အကြမ်းဖျင်းတစ်လအသုံးစရိတ် £1,458 မို့ မြန်မာငွေ ၂၉ သိန်းဝန်းကျင်ရှိပြီး လူတစ်ယောက်အသုံးစရိတ်လောက်ရုံမက မြန်မာပြည် ပြန်ပို့နိုင်အောင် ပိုပါတယ်...။

ယူကေဗီဇာလျှောက်ထားခကိုလည်း အဖွဲ့အစည်းက တာဝန်ယူမှာပါ.. Academic development funding အပြင် မိသားစုခေါ်ယူခွင့်လည်း ပေးပြီး ကလေးခေါ်လာရင် ကလေးစရိတ် ထောက်ပံ့ပါတယ်။

စာသင်နှစ်အတောအတွင်း ကိုယ်ဝန်ရှိ ကလေးမွေးခဲ့သော် Maternity/ Paternity funding လည်း ခံစားခွင့်ပြုပါမယ်.. ဒါပေမယ့် ကိုယ့်အလုပ်/ဌာနက လစာပေးထားရင် ခံစားခွင့်ပမာဏကို အနည်းအကျဉ်း နှုတ်နိုင်ချေ ရှိပါတယ်..

အသေးစိတ် သိရှိလိုပါက ဒီလင့်ခ်မှာ ဖတ်ပါ.. https://www.gatescambridge.org/apply-overview

ဒါက ကျောင်းလျှောက်ဖို့အတွက် ကိန်းဘရေ့ခ်ျတက္ကသိုလ်ရဲ့ လင့်ခ်ပါ.. https://www.graduate.study.cam.ac.uk

ဘာသာရပ်ရွေးချယ်ဖို့အတွက်တော့ ဒီလင့်ခ်ကနေ ကြည့်ပါ.. https://www.graduate.study.cam.ac.uk/courses

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

Credit - Poe Phyu Thant

International Read 1175 times