တရုတ်နိုင်ငံရဲ့ AI အခြေပြု အနာဂတ် စာသင်ကျောင်းများ

တရုတ်နိုင်ငံတွင် ရှေးဟောင်းခေတ်ကို လေ့လာလိုလျှင် Beijing ကို သွားသင့်ပြီး မျက်မှောက်ခေတ်ကို သိလိုလျှင် Shanghai ကို သွားသင့်ပါသည်။ သို့သော် အနာဂတ်မှာ မည်သို့ပုံစံရှိမည်ကို သိလိုလျှင် Shenzhen ကို သွားရောက် လည်ပတ်သင့်ပါသည်။

Shenzhen သည် ရေရှည်တည်တံ့ဖွံ့ဖြိုးမှု၊ သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြနည်းပညာများကို အသားပေးသည့် မြို့ပြစီမံကိန်းဖြင့် တည်ဆောက်ထားသော လူစည်ကားရာ ခေတ်ပေါ်မြို့တော်ကြီး ဖြစ်သည်။ Shenzhen မြို့သည် အကောင်းဆုံးနှင့် ခေတ်အမီဆုံး ကျောင်းအချို့ တည်ရှိခြင်းကြောင့်လည်း လူသိများပါသည်။

 

Shenzhen ကျောင်းများတွင် တွေ့မြင်နိုင်သည့် အင်္ဂါရပ်များ

Shenzhen ရှိ ကျောင်းအများစုသည် စာသင်ခန်းအတွင်း ဒစ်ဂျစ်တယ် သင်ပုန်းများ၊ တပ်ဘလက်များ၊ အွန်လိုင်းသင်ကြားရေး ပလပ်ဖောင်းများ စသည့် နည်းပညာများစွာကို အသုံးပြု တပ်ဆင်ထားသည်။ ကျောင်းများတွင် သင်ယူမှုအတွေ့အကြုံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သင်ရိုးညွှန်းတမ်းအပြင် ကုဒ်၊ စက်ရုပ်နှင့် ဉာဏ်ရည်တု စသည့် နည်းပညာများကိုပါ ပေါင်းစပ်သင်ကြားခြင်းများ ရှိလာသည်ကို တွေ့ရသည်။

Shenzhen ရှိ ပုံမှန် အထက်တန်းကျောင်းတစ်ခုတွင် -

  • စိမ်းစိုနေသော နေရာလွတ်များ
  • သိပ္ပံစာကြည့်တိုက်
  • 5G တပ်ဆင်ထားသော ဒစ်ဂျစ်တယ် ဖန်သားပြင်များ၊
  • ခေတ်မီပြီး ကောင်းစွာတပ်ဆင်ထားသော ဇီဝဗေဒဓာတ်ခွဲခန်းတစ်ခု
  • စက်ရုပ် အသုံးပြုခန်းတစ်ခု
  • ဉာဏ်ရည်တု အသုံးပြုခန်းတစ်ခု
  • တရုတ်နိုင်ငံထုတ် လေယာဉ်ပျံအသစ် C919 အတွက် ပျံသန်းမှု ထိန်းချုပ်ခန်းတစ်ခုလည်း ပါရှိသည်။

ထို့အပြင် အကလေ့ကျင့်ရေး၊ ဂီတ၊ ဖျော်ဖြေပွဲများနှင့် အခမ်းအနားများအတွက် ပြဇာတ်ရုံ ကဲ့သို့သော အနုပညာအတွက် ရည်ရွယ်ထားသည့် ခန်းမများလည်း ရှိသည်။ ဖျော်ဖြေရေးအတွက်သာမက ကာယလှုပ်ရှားမှုများကိုလည်း ဦးစားပေးသောကြောင့် မတူညီသည့် အားကစားများအတွက် ကျောင်းဝန်းအတွင်း သီးသန့်နေရာများ ထားရှိသည်။

ကျောင်းတွင် စားသောက်ရေးနှင့် နေရာထိုင်ခင်းအတွက် အဆင်ပြေစေရန် ကော်ဖီဆိုင်၊ ကန်တင်းနှင့် အဆောင်များလည်း ပါရှိသည်။ အခြေခံအားဖြင့် ဤသည်မှာ Shenzhen ရှိ အထက်တန်းကျောင်းအချို့၏ အရည်အသွေးဖြစ်သည်။

ကိုဗစ်ရောဂါပိုး ပျံ့နှံ့မှု နောက်ဆက်တွဲကြောင့် စာသင်ခန်း ပတ်ပတ်လည်တွင် ကင်မရာများစွာ တပ်ဆင်ထားသည်ကို တွေ့ရပါသည်။ အကျိုးကျေးဇူးမှာ ကျောင်းမတက်ဖြစ်သော ကလေးများအတွက် ထိုနေ့တွင် သင်လိုက်သည့် အကြောင်းအရာများကို မှတ်တမ်းဗီဒီယိုမှတဆင့် ကြည့်ရှုပြီး လေ့လာနိုင်သည်။


စာသင်ခန်းများအတွက် ဒီဇိုင်းထုတ်ထားသည့် နည်းပညာများ

လေသန့်စက်မျာ - ရောဂါလက္ခဏာမပြဘဲ ကလေးတစ်ဦး ဖျားနာနေပါက အဖျားပိုးသည် စာသင်ခန်းအတွင်း ပျံ့နှံ့ပြီး အခြားကလေးများကိုပါ ကူးစက်စေနိုင်သည်။ စာသင်ခန်းတွင် လေသန့်စက်များ ရှိသောကြောင့် အခန်းအတွင်းရှိ လေထုကို အမှန်တကယ် သန့်စင်ပေးနိုင်သည်။

စားပွဲနှင့် ထိုင်ခုံများ - ကလေးများ စာကျက်နေချိန် (သို့) သင်ယူနေချိန်မှာ သက်တောင့်သက်သာ ထိုင်ရန်နှင့် တရေးအိပ်ချိန် အနားယူရန်အတွက် အထူးဒီဇိုင်းထုတ်ထားသည့် စားပွဲများနှင့် ကုလားထိုင်များလည်း ရှိပါသည်။ တရုတ်တွင် ကလေးများ စာသင်ချိန်ပြီးရင် တရေးတမော အိပ်ရန် လိုအပ်သည်။ ထို့ကြောင့် အိပ်ရာအဖြစ် အသင့်ပြောင်းလဲနိုင်သည့် ကုလားထိုင်မျိုး အသုံးပြုပေးထားသည်။ 

ဒစ်ဂျစ်တယ် သင်ပုန်းများ - တရုတ်နိုင်ငံရှိ စာသင်ခန်းများတွင် ယခင်က အသုံးပြုခဲ့သော ကျောက်သင်ပုန်းများထက် ဖန်သားပြင် စခရင်များကိုသာ အသုံးပြုကြသည်။ အဆိုပါဖန်သားပြင်များတွင် အလင်းပြန်မှုကို ဆန့်ကျင်သော နည်းပညာများ ပါရှိသည့်အတွက် ကျောင်းသားများအနေဖြင့် ဆရာ မျှဝေထားသည့် အကြောင်းအရာများကို ရှင်းလင်းစွာ နားလည်သိရှိနိုင်သည်။

မီးချောင်းများ - အလင်းရောင် အခန်းတဝိုက် မပျံ့နှံ့စေရန်အတွက် ကျောင်းသားများကို တိုက်ရိုက် အလင်းပေးနိုင်သည့် မီးချောင်းများကိုသာ တပ်ဆင်ထားသည်။ မီးချောင်းများတွင် အခန်းထဲသို့ ဝင်လာသော သဘာဝအလင်းရောင်ကို တိုင်းတာသည့် အာရုံခံကိရိယာများလည်း ပါရှိသည်။ အထူးသဖြင့် မှိန်သွားနိုင်သည့် နေရာတွင် အလင်းရရှိစေရန် ချိန်ညှိပေးသည်။

ခေါင်းပတ်များ - နောက်ထပ် စိတ်ဝင်စားစရာက ကျောင်းသားများ၏ ဦးနှောက်တုံ့ပြန်ချက်ကို အလိုအလျောက် သိနိုင်သည့် Headband ဖန်တီးထားခြင်းပါ။ ကျောင်းသားများ ထို Headband ကို ဝတ်ဆင်ထားပါက ၎င်းတို့၏ လှုပ်ရှားမှုတိုင်းနှင့် စာသင်ချိန် အာရုံရှိ၊ မရှိကိုပါ ဆရာများက သိနိုင်ပါသည်။ 

တရုတ်အစိုးရ၏ ပညာရေး နည်းပညာအပေါ် ထောက်ပံ့မှု

နည်းပညာထုတ်ကုန်များ အထူးပြု ထုတ်လုပ်သည့် နည်းပညာကုမ္ပဏီ Fujian ပြည်နယ်ရှိ Liderson တွင် အနာဂတ် စာသင်ခန်းအတွက် နည်းပညာများစွာကို ၎င်းတို့က တီထွင် ထုတ်လုပ်လျက်ရှိသည်။ Liderson မှ လုပ်ဆောင်နေသော ပရောဂျက်များထဲမှ တစ်ခုသည် "အနာဂတ် စာသင်ခန်း" ဟုခေါ်သော အရာဖြစ်သည်။ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် သင်ယူမှု ပိုမိုလွယ်ကူစေပြီး နည်းပညာ အသုံးပြု ထိတွေ့မှု ပိုမိုများလာစေမည့် နေရာတစ်ခု ဖန်တီးရန်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ထိုကဲ့သို့ နည်းပညာကုမ္ပဏီများနှင့် နည်းပညာ တိုးတက်မှုသည် အာဏာပိုင်များကိုယ်တိုင် ပညာရေးအတွက် ကြိုးပမ်းမှု အားကောင်းသောကြောင့်ဖြစ်သည်။ တရုတ်အစိုးရသည် နိုင်ငံ GDP ၏ (၄%) ကို ပညာရေးအတွက် သုံးစွဲရန် ကတိပြုထားသည်။

အဆိုပါ ကတိကဝတ်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရေးအပေါ် ထားရှိသည့် အလေးပေးမှုကို ဖော်ပြသည်။ တရုတ်နိုင်ငံ၏ ပညာရေး အသုံးစရိတ်သည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာပြီး ၂၀၂၀ ခုနှစ်တွင် ယွမ် (၅.၃) ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၃၀ ဘီလီယံ) အထိ ရှိခဲ့သည်။

အွန်လိုင်းပညာရေးသည် မရှိမဖြစ် လိုအပ်ကြောင်း ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားချိန်အတွင်း တွေ့မြင်ခဲ့ရသောကြောင့် ဒစ်ဂျစ်တယ် သင်ယူမှုပလပ်ဖောင်းများ (သို့) အရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာသည်။ သို့သော် ဝေးလံခေါင်သီသည့် ဒေသများမှာ ဒစ်ဂျစ်တယ်ပညာရေးကို ချဲ့ထွင်ရန် ကြိုးပမ်းအားထုတ်မှု ဆက်လက်ရှိနေသည်။

အထူးသဖြင့် ကျေးလက်ဒေသများတွင် ကျောင်းအဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းအတွက် ရန်ပုံငွေများကို ခွဲဝေပေးပါသည်။ ခေတ်မီသော အဆောက်အဦများနှင့် လိုအပ်သော ပညာရေး နည်းပညာများ ရရှိစေရန် ရည်ရွယ်သည်။ မြို့ပြနှင့် ကျေးလက်ဒေသများကြား ပညာရေးအဆင့်အတန်း ကွာဟမှုကိုလည်း လျှော့ချလျက်ရှိသည်။

သင်ယူမှုအတွေ့အကြုံကို မြှင့်တင်ရန် ခေတ်မီပညာရေး နည်းပညာများ တပ်ဆင်ထားသော စမတ်စာသင်ခန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ပုံငွေ ရှိပါသည်။ တရုတ်နိုင်ငံရှိ လူငယ်များနှင့် ကလေးများအတွက် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ တိုးတက်စေရန် မတူညီသော နည်းပညာများကို အသုံးပြုနေပါသည်။ တရုတ်နိုင်ငံတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းအများအပြားတွင် အထက်တွင် ဖော်ပြခဲ့သည့် နည်းပညာအားလုံးကို စာသင်ခန်းအတွင်း အသုံးပြုနေပြီဖြစ်သည်။


တရုတ်နိုင်ငံ၏ ပညာရေး

တရုတ်ပညာရေးကို ကောင်းစွာနားလည်ရန် ဖော်ပြရမယ်ဆိုရင် ၁၉၈၀ ပြည့်လွန်နှစ်များတွင် (၉) နှစ်တာ မသင်မနေရ ပညာရေးကို အကောင်အထည်ဖော်ခဲ့သည်။ ထို (၉) နှစ်တွင် မူလတန်းပညာရေး (၆) နှစ်နှင့် အလယ်တန်းပညာရေး (၃) နှစ် ပါဝင်သည်။

တရုတ်နိုင်ငံတွင် မူလတန်းကျောင်းပေါင်း (၁၅၀,၀၀၀) ခန့်ရှိပြီး ကျောင်းသား (၁၀၅) သန်း စာရင်းသွင်းထားသည်။ အမှန်တကယ် အထင်ကြီးစရာကောင်းသည်မှာ မူလတန်းပညာရေးအတွက် အသားတင် စာရင်းသွင်းမှုနှုန်းသည် နှစ်စဉ် (၉၉%) အထက်တွင် တသမတ်တည်း ရှိနေသည်။

တရုတ်နိုင်ငံတွင် အလယ်တန်းကျောင်းပေါင်း (၈၀,၀၀၀) ခန့်နှင့် အထက်တန်းကျောင်းပေါင်း (၁၄,၀၀၀) ခန့်ရှိသည်။ အလယ်တန်းပညာရေးအတွက် စုစုပေါင်း ကျောင်းအပ်နှံမှုနှုန်းသည် ခန့်မှန်းခြေအားဖြင့် ကျောင်းသား သန်း (၆၀) ရှိပြီး အထက်တန်းကျောင်းများတွင် (၂၄) သန်း ရှိသည်။

တရုတ်နိုင်ငံတွင် အဆင့်မြင့်ပညာရေးသည်လည်း လျင်မြန်စွာ တိုးတက်လာသည့် ပညာရေးကဏ္ဍတွင် ပါဝင်သည်။ တက္ကသိုလ်နှင့် ကောလိပ်များ၏ အရေအတွက် သိသိသာသာ တိုးများလာသည်ကို တွေ့ရသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံတွင် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းပေါင်း (၃,၀၀၀) ကျော်ရှိသည်။

အဆင့်မြင့်ပညာရေးတွင် စုစုပေါင်း ကျောင်းအပ်မှုနှုန်းသည် ၁၉၉၀ ခုနှစ်တွင် (၃.၄%) ရှိခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် (၅၄%) ကျော်အထိ တိုးလာသောကြောင့် ဤအရေအတွက်သည် အလွန်အထင်ကြီးစရာကောင်းပါသည်။

အစိုးရသည် ပညာရေးလမ်းကြောင်းကို မလိုက်လိုသော ကျောင်းသားများအတွက် အရည်အသွေးရှိသော ပညာရေးနှင့် လေ့ကျင့်ရေးများကို ရရှိနိုင်စေရန် အသက်မွေးဝမ်းကျောင်းပညာကိုလည်း ထောက်ပံ့ပေးပါသည်။

Source - https://www.youtube.com/watch?v=OYL0s79z_t8

Related Article : တရုတ်တွင် AI အခြေပြုကျောင်း (၁၈၄) ကျောင်း ရှိသည်

>> https://www.edge.com.mm/article/184schools-in-china-use-ai.html

 

International News Latest Post Read 391 times