စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက် နည်းပညာဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲအခမ်းအနား

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ရန်ကုန်မြို့ရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပလျက်ရှိသော စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာစာတမ်းဖတ်ပွဲ (The 4th International Conference on Advanced Information Technologies) (ICAIT 2020) အခမ်းအနားသို့ ယနေ့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် “Internet of Things (IOT), Big Data, အသိဉာဏ်တုနှင့် စက်ရုပ်နည်းပညာများသည် စက်ရုံအလုပ်ရုံများနှင့် လူသားအင်အားစုများ နေရာတွင် အစားထိုးဝင်ရောက်လာကြသဖြင့် Industry 4.0 နှင့်လိုက်လျောညီသော Education 4.0 ကို ဖော်ဆောင်လာကြပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာဖြင့် ဆရာ ဆရာမများ၏ စွမ်းဆောင်မှု အခန်းကဏ္ဍများကို တိုးမြှင့်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူ များအား ဒီဂျစ်တယ်နည်းပညာဖြင့် ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ အတွေးအမြင်၊ တန်ဖိုးထားမှုတို့ကို ဖြည့်ဆည်းပေးသူများဖြစ်လာကြပါကြောင်းပြောကြားခဲ့ပါသည်။

သို့ဖြစ်ရာ ဆရာ ဆရာမများအပါအဝင် ပညာရေး ဝန်ထမ်းများအား ဒီဂျစ်တယ်နည်းပညာများကို ပံ့ပိုးပေး ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးအရည်အသွေးမြှင့်တင်ရာတွင် မူဝါဒ၊ စီမံကိန်းလုပ်ငန်းများ၊ အမျိုးသား အရည်အသွေး အညွှန်းဘောင်၊ Credit Transfer စနစ်၊ အရည်အသွေး အဆင့်အတန်းအသိအမှတ်ပြုမှု၊ အလုပ်အကိုင်ရရှိရေး၊ ဘဝတစ်သက်တာသင်ယူမှု၊ လေ့လာဆန်းစစ်မှုနှင့် အကဲဖြတ်မှု၊ လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းမှု တို့သည် လွန်စွာ အရေးကြီးလှပါကြောင်း ပြောကြားခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် ပညာရေးကဏ္ဍအပါအဝင် ကမ္ဘာပေါ်ရှိ ကဏ္ဍစုံအပေါ် သက်ရောက်မှုရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါတုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် နည်းပညာနှင့် အခြေခံအဆောက်အအုံများပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (MDEP) ကို တည်ဆောက်ကာ အခြေခံပညာကျောင်းများအတွက် အွန်လိုင်းသင်ခန်းစာများကို လွှင့်တင် ပေးထားပါကြောင်း၊ ရုပ်မြင်သံကြားသင်ခန်းစာများကို ပညာရေးရုပ်မြင်သံကြား အစီအစဉ်မှ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်းသိရသည်။

မြန်မာနိုင်ငံအနှံ့ သင်ယူမှုအခွင့်အလမ်း မြှင့်တင်နိုင်ရန်အတွက် ရုပ်မြင်သံကြားလိုင်းများနှင့် FM ရေဒီယိုအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အင်တာနက်လက်လှမ်းမမီသော ဝေးလံခေါင်ဖျားဒေသများမှ ကျောင်းသားများအတွက် ဒီဂျစ်တယ်သင်ခန်းစာများကို DBE Box နှင့် DBE Stick များဖြင့် သင်ယူလေ့လာနိုင်ရန် ပံ့ပိုးပေးပြီးဖြစ်ကာ DBE Box နှင့် DBE Stick များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ် ၁၆ ကျောင်းတွင် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဖြင့် တိုးမြှင့်ဆောင်ရွက်ခြင်းကို စမ်းသပ်ကျင့်သုံးနိုင်ရန် အားပေး ဖြည့်ဆည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၂၁ ရာစု ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးနိုင်မည့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ဖြစ်လာစေရေးအတွက် ပြန်လည် သုံးသပ်အဆင့်မြှင့်တင်သွားရန် အားပေးသွား မည်ဖြစ်ပါကြောင်း၊ ဘဝတစ်သက်တာသင်ယူမှု အခွင့်အလမ်းများကို အတန်းတွင်းသင်ယူမှု၊ အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့ဖြင့် အားပေးဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသွားပါသည်။

အဆိုပါ စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲတွင် နိုင်ငံတကာနှင့် ပြည်တွင်းတက္ကသိုလ်များမှ စာတမ်းပေါင်း (၄၁) စောင်ကို ဖတ်ကြားဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

Educational Information Department

Latest Post Read 435 times