အစားအသောက် သိပ္ပံနှင့်နည်းပညာသည် လူသား အားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နေ့စဉ် လိုအပ်လျက် ရှိသော ဘာသာရပ်ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း ယနေ့စားသောက်ဆိုင်များ၊ ကုန်တိုက်ကြီးများတွင် ကျန်းမာရေးနှင့် အာဟာရ ပြည့်ဝရေးအတွက် ဝယ်ယူနေရသော နွားနို့ (Milk)၊ သစ်သီးဖျော်ရည်(Fruit Juices)၊ နို့မှုန့် (Milk Powder)၊ ဒိန်ခဲ (Cheese)၊ ထောပတ် (Butter) စသည်တို့မှာ ဖွံ့ဖြိုးပြီးနိုင်ငံများထက်ပင် ဈေးနှုန်းကြီးမားလျက် ရှိပါသည်။ ထိုသို့ဖြစ်ရသည်မှာ အဓိကစားသောက်ကုန် ထုတ်လုပ်ရာတွင်မဟုတ်ဘဲ ကျန်းမာရေးနှင့်ညီသော စနစ်တကျ ထုပ်ပိုးမှုနည်းပညာ (Packaging Technology) မကျွမ်းကျင်ခြင်းနှင့် နည်းပညာရှိသော် လည်း ထုတ်လုပ်မှုစရိတ် ကြီးမားလွန်းနေခြင်းတို့ကို တွေ့ရှိရပါသည်။
အစားအသောက် သိပ္ပံနှင့်နည်းပညာ အထူးပြု ဘွဲ့ကြိုသင်တန်း (B.Agr.Sc. Food Science and Technology) ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်မှစတင်၍ သင်တန်းအသစ် ဖွင့်လှစ် ခဲ့ရာ ယခု ကျောင်းသား ကျောင်းသူများ တတိယနှစ်သို့ ရောက်ရှိနေပါပြီဟုသိရသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အစားအသောက် သိပ္ပံနှင့်နည်းပညာဘွဲ့ရများ ပေါ်ထွက် လာပါတော့မည်ဟု သိရသည်။
သင်ကြားပေးသော ဘာသာရပ်များမှာ-
(၁) အခြေခံ အစားအစာ သိပ္ပံနှင့်နည်းပညာ (Fundamentals of Food Science and Technology)၊
(၂) စားသောက်ကုန် ထုတ်လုပ်ပြုပြင်မွမ်းမံမှု အခြေခံသဘောတရားများ (Principle of Food Processing Technology)၊
(၃) အစား အစာဆိုင်ရာ ဓာတုဗေဒနှင့်အဏုဇီဝဗေဒ (Fundamentals of Food Chemistry and Microbiology)၊
(၄) အစားအစာ ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးမြင့် စားသောက်ကုန် စီမံအုပ်ချုပ်မှု (Food Safety and Quality Food Management)၊
(၅) အစားအစာ တာရှည်ခံစွာ ထုတ်လုပ်ခြင်း နှင့် အားဖြည့်ပစ္စည်းများ (Food Preservatives and Additives)၊
(၆) အစားအစာ သရုပ်ခွဲနည်းပညာ ဓာတ်ခွဲခန်း စနစ်များ (Laboratory Techniques in Food Analysis)၊
(၇) နှံစားသီးနှံ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ကြိတ်ခွဲထုတ်လုပ်မှု နည်းပညာ (Milling and Processing of Cereals, Pulses and Oilseeds)၊
(၈) အစားအစာကိုင်တွယ်မှု၊ ထုပ်ပိုးမှု၊ သယ်ယူပို့ဆောင်မှု၊ သိုလှောင်မှုနှင့် အညွှန်းတပ်ဆင်မှု နည်းပညာ (Food Handling Practices, Packaging, Transportation, Storage and Labeling)၊
(၉) အထွေထွေ စိုက်ပျိုးရေးပညာ (General Agriculture) နှင့်
(၁၀) လုပ်ငန်းခွင်ဝင် အလုပ်သင်လုပ်ငန်းများ (Intership Program) စသည် တို့ကို စာတွေ့လက်တွေ့သင်ကြား၊ သင်ယူရမည်ဟုသိရသည်။
အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာပညာဘွဲ့ကြိုသင်တန်း စတင်ဖွင့်လှစ် ရန်ကုန်နည်းပညာ တက္ကသိုလ် (Yangon Technological University – YTU) တွင်လည်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစတင်၍ အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာပညာ (Food Engineering) ဘွဲ့ကြိုသင်တန်း စတင်ဖွင့်လှစ်နေပြီဟု သိရသည်။
(က) အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာဘွဲ့ကြို သင်တန်း (Food Engineering Programme) ကို ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတု အင်ဂျင်နီယာဌာနအောက်တွင် သီးသန့် သင်တန်း (Programme) တစ်ခုအနေဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာ နှင့်အညီ ရေးဆွဲပြဋ္ဌာန်းပြီး သင်ကြားလျက် ရှိပါသည်။
(ခ) အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာဘွဲ့ကြို သင်တန်း (Food Engineering Programme) ၏ ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများကို အခြားအင်ဂျင်နီယာ ဘွဲ့သင်တန်းများနည်းတူ အခြေခံ အင်ဂျင်နီယာဘာသာရပ်များကို သင်ကြားပေးပြီး တတိယနှစ်မှစ၍ အထူးပြု ဘာသာရပ်များဖြစ်သည့်
- Food Texicology,
- Food Chemistry and Biochemistry,
- Introduction to Food Science,
- Food Microbiology ဘာသာရပ်များကို
Unit Operations in Food Engineering ဘာသာ ရပ်နှင့်အတူ တွဲဖက်၍ သင်ကြားပို့ချပါမည်။
(ဂ) စတုတ္ထနှစ် အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းတွင် Food Processing Principles, Food Preservation (Application), Food & Nutrition, Packaing of Food Products ဘာသာရပ်များအပြင် (Reaction Kinetics and Reactor Design) ဘာသာရပ်ကို တွဲဖက်၍ သင်ကြားပို့ချပါမည်။
(ဃ) ပဉ္စမနှစ် အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းတွင် Food Safety and Quality Control, Food Diagnostics, Instrumentation and Food Process Control, Food Laws and Legislations ဘာသာရပ်များကို သင်ကြားပို့ချပါမည်။
(င) ထို့ပြင် Elective ဘာသာရပ်များအဖြစ် (၁) Post Harvest Technology (၂) Dryinmg Technologies in Food Processing (၃) Food Fermentation (၄) Research and Development of Functional Foods ဘာသာရပ်များကို ကျောင်းသား ကျောင်းသူ များက မိမိစိတ်ဝင်စားရာ နယ်ပယ်ကို ရွေးချယ်၍ သင်ယူနိုင်စေရန် ပြဋ္ဌာန်းထား ပါသည်။ တတိယနှစ်မှစ၍ ပဉ္စမနှစ်အတွင်း ကျောင်းအားချိန်များ၌ စက်ရုံလက်တွေ့ သင်တန်းကို နှစ်ပတ်လေ့လာပြီး စာတမ်း ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
(စ) နောက်ဆုံးနှစ် အစာအာဟာရဆိုင်ရာ အင်ဂျင် နီယာဘွဲ့ကြိုသင်တန်း၏ ပထမနှစ်ဝက်တွင် စက်ရုံအလုပ်ရုံများ၌ Internship နှစ်လ လက်တွေ့ကွင်းဆင်းရပါမည်။ နောက်ဆုံးနှစ် အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာဘွဲ့ကြို သင်တန်း၏ ဒုတိယနှစ်ဝက်တွင် Final Year Project ကို Mini Thesis အနေဖြင့် သုတေသနပြုလုပ်ကာ ကျမ်းတင်သွင်း ပြီးနောက် အစာအာဟာရဆိုင်ရာ အင်ဂျင် နီယာ (B.E. Food Engineering) ဘွဲ့ကို ရရှိမည်ဖြစ်ပါသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်မှ အစာအာဟာရ ဆိုင်ရာအင်ဂျင်နီယာဘွဲ့သင်တန်း B.E.(Food Engineering) ကို အစာအာဟာရနှင့်သက်ဆိုင်သော ခေတ်မီနည်းပညာများ တိုးတက်ပြန့်ပွားရေးအတွက် အစာ အာဟာရနည်းပညာဆိုင်ရာ လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည့် အရည်အသွေး မြင့်မားသည့် အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာများ ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ပြီး ဘွဲ့ကြိုပထမနှစ် သင်တန်းကို ယခုနှစ်မှစတင်ကာ ဖွင့်လှစ်ခြင်းကို အစာ အာဟာရဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ပြည်သူ များအား မိတ်ဆက်မည်ဟုသိရသည်။
ဘွဲ့ကြိုပြီးမှ ဘွဲ့လွန် (မဟာသိပ္ပံ၊ ပါရဂူ) သင်တန်းများ ပြုလုပ်လျှင် အသုံးချသုတေသနများ (Applied Research) ပါဝင် လာနိုင်ပါသည်ဟုသိရသည်။ အခြားသော အာဆီယံနိုင်ငံများတွင် အစာအာဟာရ နှင့် သက်ဆိုင်သော သင်တန်းများ၊ ဘွဲ့လွန်ပညာသင်ဆုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ၊ ပြိုင်ပွဲများကို ခေတ်မီ နည်းပညာများ တိုးတက်ပြန့်ပွားရေးအတွက် ပြုလုပ်လျက် ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်ထားရှိခြင်း မရှိခဲ့သေးသဖြင့် အဆိုပါသင်တန်းများ ဘွဲ့လွန်သင်တန်း ပညာသင်ဆုများ လက်လွှတ်ဆုံးရှုံးရခြင်း၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ၌ အားနည်းနေခြင်းများ ရှိခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းအဖွဲ့အစည်း တစ်ခုဖြစ်သော အစာအာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာ အဖွဲ့အစည်း Food Science and Technology မှ အစားအစာ ဘေးကင်းလုံခြုံမှုနှင့် အစား အသောက်ထုတ်လုပ်ခြင်း နည်းပညာများဖြန့်ဝေပြီး အသိအမှတ်ပြုလက်မှတ် (Certificate) ပေးအပ်ခြင်းများ ပြုလုပ်လျက်ရှိသော်လည်း ၎င်းသည် NGO အဖွဲ့အစည်း ဖြစ်သည့်အတွက် အခြားသော တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း များတွင် အခက်အခဲများရှိနေပါတယ်လို့ သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ အစာအာဟာရဘေးကင်းလုံခြုံမှုကဏ္ဍကို ဖြည့်ဆည်းရန် ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ Food Engineering သင်တန်းအတွက် ရန်ကုန် နည်းပညာတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနမှ သင်တန်းသား ကျောင်းသား ကျောင်းသူများ ခေါ်ယူခဲ့ရာ ကျောင်းသား ကျောင်းသူ ၁၀ ဦးဖြင့် စတင်ဖွင့်လှစ်နိုင်ပြီလို့သိရသည်။
လက်ခံနိုင်မည့် ခန့်မှန်းကျောင်းသား ကျောင်းသူဦးရေမှာ အများဆုံး ၂၀ ဖြစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရန်ကုန် နည်းပညာတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနမှ အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာဘွဲ့သင်တန်းအား ဖွင့်လှစ်သင်ကြားရန် ရည်ရွယ်ထားပြီး လက်ခံနိုင်မည့် ခန့်မှန်းကျောင်းသား ကျောင်းသူဦးရေမှာ အများဆုံး ၂၀ ဖြစ်ပါသည်။ ယခုပညာသင်နှစ်တွင် ပထမနှစ် ကျောင်းသား ကျောင်းသူ ၁၀ ဦးကို စတင်လက်ခံ သင်ကြားပေးနေပြီဖြစ်ပါသည်။ ရန်ကုန်နည်းပညာ တက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနရှိ ဆရာ ဆရာမများ၊ အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာဘွဲ့ရ ဆရာ ဆရာမ များနှင့် အနားယူသွားပြီးသော နိုင်ငံခြားတက္ကသိုလ်များမှ အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာဘွဲ့နှင့်ပါရဂူဘွဲ့ ရရှိထားသည့် အချိန်ပိုင်း ဆရာကြီး ဆရာမကြီးများက သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
ဓာတုအင်ဂျင်နီယာအနေဖြင့် အစာအာဟာရ ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း၊ အစာအာဟာရဆိုင်ရာ မဟာသင်တန်းကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စဉ်ဆက်မပြတ် ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်အထိလည်း ဆက်လက်ဖွင့်လှစ်လျက်ရှိသောကြောင့် အစာအာဟာရ ဆိုင်ရာ အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများကို ဆက်လက်၍ အဆင်ပြေချောမွေ့စွာနှင့် နောင်ရေရှည် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနနှင့် နိုင်ငံတကာတက္ကသိုလ်များဖြစ်သော Chulalongkorn University, Kasetsart University, Mahidol University များရှိ Food Engineering နယ်ပယ်များကလည်း ပူးပေါင်း ဆောင်ရွက်မှုများ၊ Joint Research, Collaboration များ ပြုလုပ်ရန်ကမ်းလှမ်းမှုများ ရှေးယခင်ကတည်းကပင် ရှိခဲ့ပါသည်။ အစာအာဟာရဆိုင်ရာ အင်ဂျင်နီယာ ပထမနှစ်သင်တန်းအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းရှိ Food Industry များနှင့် စားသောက်ကုန်လုပ်ငန်းများ၊ အစာအာဟာရဆိုင်ရာ လုပ်ငန်းများစသည့် နယ်ပယ်အသီးသီးတွင် များစွာ လိုအပ်နေသော အရည်အချင်းရှိသည့်အတွက် နိုင်ငံတော် ၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍတို့ကို များစွာ အကျိုးရှိမည်ဟုသိရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ နိုင်ငံသူ နိုင်ငံသားတို့၏ နေထိုင်စားသောက်မှု ဘဝဆင့်အတန်း မြင့်မားလာစေရေးအတွက် နိုင်ငံတော်က အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အစာအာဟာရဆိုင်ရာ ပညာရှင်များ၏ စွမ်းဆောင်မှုသည်လည်း အရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်လာပါသည်။ မကြာမီကာလအတွင်း ဖြစ်ပေါ်လာတော့မည့် ASEAN Free Trade Area (AFTA)တွင် နိုင်ငံပေါင်းစုံမှ ခေတ်မီစားသောက်ကုန်များနှင့် ရင်ပေါင်တန်းနိုင်သော အရည်အသွေးပြည့်ဝသည့် မြန်မာ့စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရေး၊ နိုင်ငံပေါင်းစုံမှ တင်သွင်းလာသော စားသောက် ကုန်ပစ္စည်းများအပေါ်တွင် အစာအာဟာရဆိုင်ရာ နည်းပညာနှင့် ကျန်းမာရေးလုံခြုံစိတ်ချရမှုသုံးသပ်ချက် များ ပြုလုပ်နိုင်ရန်အတွက် တက္ကသိုလ်အနေဖြင့် အစာ အာဟာရဆိုင်ရာ အင်ဂျင်နီယာဘွဲ့သင်တန်းကို သင်တန်း စီမံချက်များနှင့်အညီ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲ၍ စည်းကမ်းချက်များချမှတ်ကာ စနစ်တကျ ကွပ်ကဲ ဖွင့်လှစ်နိုင်ခြင်းဖြင့် အရည်အသွေးပြည့်ဝသော အစာ အာဟာရဆိုင်ရာပညာရှင်များ မွေးထုတ်ပေးပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် ရာတွင် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
နိုင်ငံတကာတက္ကသိုလ်များသည် ဘာသာရပ် ပေါင်းစုံ သင်ကြားပေးသည့် တက္ကသိုလ်ဖြစ်၍ တက္ကသိုလ် အတွင်းရှိ အခြားကောလိပ်၊ သိပ္ပံမဟာဌာနများမှ ဘာသာ တချို့ကို သင်ရိုးနာရီ ခြောက်နာရီအထိ အထောက် အကူပြုဘာသာ သင်ယူရပါသည်။ ဥပမာ စီးပွားရေး ဆိုင်ရာ စာရင်းကိုင်ပညာ၊ စွန့်ဦးတီထွင် ထုတ်လုပ်ခြင်း၊ အသား၊ ငါးအစိမ်းများ၊ သဘာဝပတ်ဝန်းကျင်သိပ္ပံပညာ၊ စိုက်ပျိုးရေးဆိုင်ရာ ရောင်းဝယ်ရေး၊ စိုက်ပျိုးရေး ဆိုင်ရာမူဝါဒ၊ အမေရိကန်နိုင်ငံ၏ အစားအသောက် စနစ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ရေရှည် တည်တံ့ခိုင်မြဲရေး၊ ဥယျာဉ်ခြံ သီးနှံစိုက်ပျိုးရေးပညာ၊ လယ်ယာသီးနှံစိုက်ပျိုးရေးပညာ၊ ကမ္ဘာ့ဈေးကွက် စီးပွားရေး စသည့်ဘာသာရပ်များမှ စိတ်ကြိုက် ဘာသာရပ် နှစ်ဘာသာအထိ တွဲဖက်ယူရပါမည်။ ကမ္ဘာ့တက္ကသိုလ်များ၏ သင်ကြားရေးစနစ်မှာ ဘာသာရပ် ပေါင်းစုံသင်ကြားပေးသည့်စနစ် (Comprehensive University System) ဖြစ်ရာ ထိုတက္ကသိုလ်များတွင် အစားအသောက် သိပ္ပံဘာသာရပ်သာမက စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသားငါးနို့ထုတ်လုပ်ရေး၊ အင်ဂျင်နီယာ၊ ဇီဝဆေးပညာ၊ စီးပွားရေး၊ ပညာရေးစသည်ဖြင့် စုံလင် လှပေရာ မြန်မာနိုင်ငံတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် (Autonomous University) ဖြစ်မြောက်ရေး ဆောင်ရွက်နေပြီဖြစ်၍ နိုင်ငံတော်အတွက် လိုအပ်လျက် ရှိသော အစားအသောက်သိပ္ပံနှင့်နည်းပညာ၊ အစား အသောက် အင်ဂျင်နီယာဘာသာရပ်များကို တက္ကသိုလ်များ တွင် သင်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။
ဒေါက်တာမျိုးကြွယ် (AUAA)
ကိုဗစ်အလွန် အဆင့်မြင့်ပညာ ဘာသာရပ်အသစ်များ