သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာမူဝါဒ (မူကြမ်း) အပြီးသတ် အကြံဉာဏ် ရယူဆွေးနွေးပွဲကျင်းပ

သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ (မူကြမ်း) အပြီးသတ် အကြံဉာဏ်ရယူခြင်း အစည်းအဝေးပွဲကို ယနေ့ နေ့လယ် ၂ နာရီတွင် Video Conferencing ဖြင့် ကျင်းပရာ သိပ္ပံ၊နည်းပညာ နှင့်ဆန်းသစ်တီထွင်မှုကောင်စီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် စီးပွါးရေးဝန်ကြီး ဉီးရဲမင်းဉီး၊ အစိုးရဝန်ကြီးဌာန အသီးသီးကိုယ်စားပြု ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ် တီထွင်မှုကောင်စီ အဖွဲ့ဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းအသီးသီးမှဉက္ကဌနှင့် ဒုဉက္ကဌများ၊ UNESCAPမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာပေါ်လစီကျွမ်းကျင်သူများ တက်ရောက် ဆွေးနွေးကြပါသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင်၊ သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ (မူကြမ်း) သည် စနစ်တကျ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာန သည် UNESCAP ၏အကူအညီဖြင့် နိုင်ငံတကာ မူဝါဒကျွမ်းကျင်ပညာရှင်များထံမှ အကြံဉာဏ်များရယူကာ၊ မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးနှင့် ကျွမ်းကျင်သူများ၏ အကြံဉာဏ်များဖြင့်မူဝါဒ မူကြမ်းအား ( ၆ လ)ကြာ အင်တိုက်အား တိုက် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ အဆိုပါ မူဝါဒမူကြမ်းအား အဆင့်ဆင့် အကြံဉာဏ်များရယူ ဆောင်ရွက်ပြီးစီးလာရာ ယခုအခါ အပြီးသတ် အကြံဉာဏ်ရယူခြင်း ဖြစ်သော ကြောင့် တက်ရောက်လာပါသော ပညာရှင်များ၏ အကြံဉာဏ်များဖြင့် ပိုမိုပြည့်စုံသော မူဝါဒတစ်ရပ်ဖြစ်လာစေရန် ရည်ရွယ်ပါကြောင်း၊ သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ ထွက်ပေါ်လာပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ပူးပေါင်းအကောင်အထည်ဖေါ် ရမည်ဖြစ်သည့် အတွက် အလေးပေးဆွေးနွေး စေလိုကြောင်းနှင့် ဆွေးနွေးမှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ United Nation ESCAP မှ Mr.Jonathan Wong ( Chief of Technology and Innovation Division) မှ အဖွင့်စကားပြောကြားရာတွင် United Nation၏ ယုံကြည်ချက်ဖြစ်သော သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများသည် တိုင်းပြည် တစ်ပြည်၏ ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားနိုင်ပြီး SDG 2030 ကို ရရှိစေနိုင်မည့် အရာများဖြစ်ကြောင်း၊ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် တိုင်းပြည်၏ စီးပွါးရေးရည်မှန်းချက်၊ ရေရှည် တည်တံ့ခိုင်မြဲသော လူမှု့ရေး၊ စီးပွါးရေးများကို ရရှိနိုင်မည့် ကူးပြောင်းရေးလမ်းကြောင်းပင်ဖြစ်ပါကြောင်း၊ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍသည် တိုင်းပြည်၏ နည်းပညာ စွမ်းရည်များ မြှင့်တင်ရန် အတွက် အစိုးရဌာနအချင်းချင်းပူးပေါင်းမှုများ လိုအပ်ပါကြောင်း၊ မူဝါဒကြမ်း ထွက်ပေါ်ရေးအတွက် Covid ကာလ၌ပင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် ပေးခဲ့ကြသော ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသော ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများမှ မူဝါဒမူကြမ်းအား ဝိုင်းဝန်းဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။

Educational Information Department

Latest Post Read 501 times