UK တက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများ သိသိသာသာလျော့နည်း

 

UK တက္ကသိုလ်များတွင် ပညာသင်ကြားလိုသော နိုင်ငံတကာကျောင်းသားများ၏ ကျောင်းဝင်ခွင့် လျှောက်ထားမှု သိသိသာသာ ကျဆင်းခဲ့သောကြောင့် ဘဏ္ဍရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 

 

ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးစာရင်းထုတ်ပြန်ချက်အရ ဇူလိုင်လတွင် ကျောင်းသားဗီဇာလျှောက်လွှာများ လက်ခံရရှိမှုမှာ မျှော်မှန်းထားသည်ထက် ၁၅% အထိ လျော့နည်းသွားကြောင်း သိရပါသည်။ ယခင်အစိုးရ အကောင်အထည်ဖော်ခဲ့သော ဗီဇာကန့်သတ်ချက်များသည် နိုင်ငံတကာကျောင်းသားများ ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားထားသည်။ 

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ တိုင်းတာချက်သည် ၂၀၂၃ ခုနှစ် အလားတူကာနှင့် နှိုင်းယှဉ်ပါက ကျောင်းသားလျှောက်ထားမှု  စုစုပေါင်း ၁၆% ကျဆင်းသွားကြောင်း သိရသည်။   အထူးသဖြင့် ဘွဲ့လွန်သင်ကြားပို့ချသော သင်တန်းများတွင် ကျဆင်းမှုသည် ၅၅% ရှိပြီး ဘွဲ့ကြိုသင်တန်းများတွင် ၂၃% ကျဆင်းသွားပါသည်။ 

 

တက္ကသိုလ်များသည် ၂၀၂၂-၂၀၂၃ စာသင်နှစ်တွင် ကျောင်းဝင်ခွင့်စာရင်သွင်းမှုများကို များစွာလက်ခံရရှိခဲ့ပြီး ဝင်ခွင့်များသည် Covid ကူးစက်ရောဂါမဖြစ်မီကထက် ပိုမိုမြင့်မားခဲ့သည်။ သို့သော် မကြာသေးမီနှစ်များအတွင်း ငွေကြေးဖောင်းပွမှုကြောင့် တက္ကသိုလ်များသည် UK ကျောင်းသားများထံမှ ရရှိသောငွေများ လျော့ကျခဲ့သည်။ ထို့အတွက်ကြောင့် ယခုအခါ ၎င်းတို့သည် အခြားနိုင်ငံမှ ကျောင်းသားများ ပေးဆောင်သော မြင့်မားသည့် အခကြေးငွေအပေါ်တွင်သာ မှီခိုနေရပါသည်။ 

 

ဇန်နဝါရီလမှစတင်၍ ထုတ်ပြန်လိုက်သည့် ဗီဇာစည်းမျဉ်းအသစ်တွင်  ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသားများအား ၎င်းတို့၏ မိသားစုများကို UK သို့ ခေါ်ဆောင်လာခြင်းမှ တားမြစ်ထားသည်။ ရလဒ်အနေဖြင့် ကျောင်းသားများနှင့် UK သို့လာရောက်ရန် ဗီဇာလျှောက်ထားသည့် မိသားစုဝင်ဦးရေ သိသိသာသာ လျော့ကျသွားခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဇူလိုင်လအတွင်း ဗီဇာလျှောက်လွှာပေါင်း ၁၃,၁၀၀ သာ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၏ အလားတူကာလထက် ၈၁% လျော့နည်းသွားပါသည်။

 

ဩဂုတ်လသည် ဗီဇာလျှောက်ထားမှုအတွက် အမြင့်ဆုံးလဖြစ်လေ့ရှိပြီး ဆောင်းဦးတွင် ကျောင်းသားလျှောက်လွှာများ အမြင့်ဆုံးရရှိရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ 

 

British Universities’ International Liaison Association အဖွဲ့၏ ကျောင်း (၇၅) ကျောင်းအား စစ်တမ်းကောက်ထားချက်အရ တက္ကသိုလ် (၁၀) ခုတွင် (၉) ခုသည် နိုင်ငံတကာကျောင်းသားလျှောက်လွှာများကို လက်ခံရရှိမှု နည်းပါးနေကြောင်း တွေ့ရှိရသည်။‌

 

(၈) နှစ်နီးပါးကြာပြီဖြစ်သည့် ပြည်တွင်းကျူရှင်ခ £9,250 ကို တိုးမြှင့်ပေးရန် ယခင်အစိုးရမှ ပျက်ကွက်ခဲ့ခြင်းကြောင့် နိုင်ငံတကာကျောင်းသားများ၏ အခကြေးငွေအပေါ် မှီခိုရခြင်းဖြစ်သည်ဟု အဆင့်မြင့်ပညာရေးအတိုင်ပင်ခံလုပ်ငန်းဖြစ်သည့် DataHE ၏အမှုဆောင်အရာရှိချုပ် Mark Corver က ပြောကြားခဲ့သည်။ 

 

“ဒါက တက္ကသိုလ်တွေကို ဝင်ငွေတိုးဖို့ ကြီးမားတဲ့ဘဏ္ဍာရေးဆိုင်ရာ လွဲချော်မှုဖြစ်စေတယ်” ဟု Mr Corver က ပြောသည်။ နိုင်ငံတကာကျောင်းသားအရေအတွက် ကျဆင်းခြင်းနှင့် အင်္ဂလန်ရှိ UK ကျောင်းသားများအတွက် ကျူရှင်ခများ လျော့နည်းနေခြင်းသည် တက္ကသိုလ်ပညာရေး ကဏ္ဍအတွက် အခက်အခဲဖြစ်စေကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။

 

Corver မှ သြဂုတ်လ (၁၃) ရက်နေ့တွင် ထွက်ရှိခဲ့သည့် A-Level စာမေးပွဲရလဒ်များသည် တက္ကသိုလ်များ၏ ဘဏ္ဍာရေးအတွက် အရေးကြီးကြောင်း ပြောကြားသည်။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ လျော့နည်းမှု ဖြစ်နေစဉ်အတွင်း UK အထက်တန်းကျောင်းသားများ၏ စာမေးပွဲအမှတ်သာ ကောင်းလျှင် တက္ကသိုလ်သို့ တက်ရောက်ရမည့် ဒေသခံကျောင်းသားများ များပြားလာနိုင်သည်။ သို့မှသာ နိုင်ငံတကာကျောင်းသားများထံမှ မျှော်မှန်းထားသော ဆုံးရှုံးမှုများကို UK ကျောင်းသားများနှင့် အစားထိုးဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ 

 

Source - The Guardians , Yahoo News

 

International News Latest Post Read 137 times