ထိရောက်တဲ့ လေ့လာသင်ယူမှုအတွက် အလေ့အကျင့် (၅) ခု

 

အသက်အရွယ်ငယ်ငယ်၊ ကြီးကြီး ပညာရပ်တစ်ခုကို လေ့လာတဲ့အခါမှာ ထိထိရောက်ရောက် သင်ယူတတ်မြောက်ချင်တယ်ဆိုရင် ဒီအလေ့အကျင့်လေးတွေ မွေးမြူထားဖို့ လိုအပ်ပါတယ်။ သင်တို့အတွက် ထိရောက်တဲ့ လေ့လာသင်ယူမှုဖြစ်မှလည်း ပေးလိုက်ရတဲ့ အချိန်၊ ကုန်သွားတဲ့ ပိုက်ဆံ၊ ကျက်မှတ်ပေးနေရတဲ့ ဦးနှောက်စွမ်းရည်အတွက် တန်မှာဖြစ်ပါတယ်။ ဒါကြောင့် ထိရောက်တဲ့လေ့လာသင်ယူမှုပုံစံကို ဖန်တီးနိုင်မယ့် အလေ့အကျင့်ကောင်း (၅) ခုကို မျှဝေပေးသွားပါမယ်။  

 

၁။ နေရာကောင်းပြင်ဆင်ခြင်း

စာလေ့လာတဲ့နေရာကလည်း များစွာ အရေးပါပါတယ်။ နေရာတစ်နေရာတည်းမှာပဲ ပုံသေ စာလေ့လာတဲ့သူတွေဟာ နေရာတွေ ခဏခဏပြောင်းပြီး စာလေ့လာတဲ့သူတွေထက် စာပိုရ၊ စာပိုမှတ်မိစေပါတယ်။ ဖြစ်နိုင်ရင် စာလေ့လာတဲ့နေရာဟာ အိပ်ရာပေါ်တို့၊ ဆိုဖာပေါ်တို့ထက် စာကြည့်စားပွဲမှာပဲ ဖြစ်သင့်ပါတယ်။

စာကြည့်စားပွဲပေါ်မှာ ကျောင်းစာနဲ့ ပတ်သက်လို့ ကိုးကာ (Reference) လုပ်စရာ Dictionary လိုမျိုး စာအုပ်စာတမ်းတွေကို ထားရှိသင့်သလို စာကျက်ရင်း လိုအပ်မယ့် ဘောလ်ပင်၊ ခဲတံ၊ Highlighter Pen စတဲ့ စာရေးကိရိယာတွေကိုလည်း စာလေ့လာနေရင်း ထရှာစရာမလိုအောင် အရံသင့် ထားရှိသင့်ပါတယ်။

 

၂။ အချိန်စာရင်း ပြင်ဆင်ရေးဆွဲမှု

ကျောင်းသားအများစုဟာ Planning ရေးဆွဲတဲ့ နေရာမှာ အားနည်းလေ့ရှိပါတယ်။ စာသင်နှစ် စစချင်းမှာ ဘယ်ဘာသာရပ်တွေကို ဘယ်နေ့ဘယ်ရက်မှာ သင်ရိုးကုန်လေ့လာပြီး ပြန်လည်လေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့ ကိုယ်ရဲ့ Studying Process ကို အသေးစိတ် ရေးဆွဲပြင်ဆင်ထားသင့်ပါတယ်။

ကိုယ်ရေးဆွဲထားတဲ့ Plan နဲ့အညီ လက်တွေ့အကောင်အထည်ဖော် လုပ်ကြရပါမယ်။ အဲဒီလိုလုပ်နေစဉ်မှာလည်း ကိုယ်ရဲ့ Plan ဟာ လက်တွေ့ကျ/မကျ၊ ကိုယ်နဲ့ ကိုက်ညီ/မကိုက်ညီကို မပြတ်ဆန်းစစ်နေပြီး လိုအပ်တာမှန်သမျှကို လိုတိုးပိုလျော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။


၃။ အသံထွက်ကျက်မှတ်ခြင်း

ဘာသာရပ်တစ်ခုခုကို လေ့လာတဲ့အခါ တချို့က ပါးစပ်ကနေ အသံထွက် ကျက်မှတ်လေ့ရှိပေမဲ့ တချို့ကတော့ မျက်စိနဲ့ပဲ ဖတ်ပြီး ကျက်လေ့ရှိပါတယ်။ မျက်စိနဲ့ပဲကြည့်ပြီး ကျက်လေ့ရှိတဲ့သူတွေရဲ့ ဦးနှောက်ဟာ သူမှတ်ရမယ့် အကြောင်းအရာတွေကို မျက်စိနဲ့ပဲ Scan လုပ်မှတ်သားနိုင်ပြီး နားနဲ့ အသံမကြားနိုင်ပါဘူး။ အသံထွက်ကျက်မှတ်လေ့ရှိသူများဟာ သူတို့ရဲ့ ဦးနှောက်ကတော့ မှတ်သားရမယ့် Input Data တွေကို မျက်စိနဲ့ Scan လုပ် မှတ်သားနိုင်ရုံသာမက အသံထွက်ပြီး ကျက်မှတ်တဲ့အတွက် နားနဲ့ပါ အသံကို မှတ်သားနိုင်ပါတယ်။

 
၄။ စိတ်ဖိစီးမှုများကို လျော့ချခြင်း

တတ်နိုင်သလောက် စာမလေ့လာခင်မှာ စိတ်ကို ပေါ့ပါးကြည်လင်အောင်ထားပါ။ အိပ်ရေး၀၀ အိပ်ထားပါ။ အထူးသဖြင့် စာမလုပ်ခင် တရားထိုင်တာမျိုး ၁၅ မိနစ်လောက် လုပ်ပေးနိုင်ရင် ကောင်းပါတယ် သို့မဟုတ် ကိုယ်အနှစ်အသက်ဆုံး သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး ၅ မိနစ် ၁၀ မိနစ်လောက် နားထောင်ပါ။ ကိုယ်ရဲ့ Study Plan၊ Time-table ကို ရေးဆွဲတဲ့နေရာမှာလည်း တောက်လျှောက်စာကျက်တာမျိုးထက် တစ်နာရီလောက်ကျက်၊ ၁၅ မိနစ်လောက် နားပြီးရင် ပြန်ကျက် ပုံစံနဲ့ ရေးဆွဲထားသင့်ပါတယ်။

 
၅။ ပူးပေါင်းဆောင်ရွက်ခြင်း

လေ့လာနေတဲ့ ပညာရပ်တစ်ခုအပေါ်မှာ အတွေးအမြင်အသစ်တွေ ရရှိချင်တယ်ဆိုရင်တော့ ကိုယ့်အတန်းဖော်နဲ့ စာအတူတူ လုပ်ကြည့်သင့်ပါတယ်။ တစ်ယောက်တည်း လေ့လာတာထက် အဖွဲ့နဲ့ လေ့လာမယ်ဆိုရင် ကိုယ်လွတ်သွားတဲ့ အပိုင်းတွေ၊ ကိုယ်နားမလည်လိုက်တဲ့အပိုင်းတွေကိုလည်း မေးမြန်းလို့ရပါတယ်။ အဖွဲ့လိုက်ဆွေးနွေးမှုတွေ လုပ်ရတဲ့အခါ ကိုယ်လေ့လာနေတဲ့ အကြောင်းအရာတစ်ခုအပေါ် နားလည်နိုင်စွမ်းလည်း တိုးလာစေမှာပါ။ 
 

High Latest Post University / College Read 169 times