Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အောင်မြင်ခဲ့သော ပညာရေးဝန်ထမ်း သား၊ သမီးများအား ဆုချီးမြှင့်ပွဲကျင်းပ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ပညာရေးဝန်ထမ်းမိသားစုဝင် သား၊သမီး (၆၃)ဦးအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၁း၃၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ Virtual Event စနစ် ဖြင့် ကျင်းပသည်။

Image may contain: text

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ရှိ အစိုးရတာဝန်ယူသည့်ကာလတွင် နိုင်ငံ့တာဝန်ကိုထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၏ သား၊သမီးများ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးနောက် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ရန် အထောက်အပံ့ တစ်ခုအဖြစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစတင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံ တော်က ဆုချီးမြှင့်မှုများ နှစ်စဉ်ပေးခဲ့ပါကြောင်း၊

Image may contain: one or more people and text

ယနေ့အခမ်းအနားသည် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ဂုဏ်ပြုသည့်အနေဖြင့် ပညာရေးဝန်ကြီးဌာနက ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ ၃၂.၀၆ % ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး (၆) ဘာသာဂုဏ်ထူးရရှိသူ (၇၉၇)ဦးအနက် ပညာရေးဌာနတွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ သား၊ သမီး (၆၃)ဦး ပါဝင်ပါကြောင်း၊ ချီးမြှင့်ငွေအဖြစ် ရိုးရိုး အောင်မြင်သူကို ကျပ် ၅ သောင်း၊ ဂုဏ်ထူး (၁) ဘာသာကို ကျပ် ၁ သိန်းနှုန်းစီဆုချီးမြှင့်ပေးမည်ဖြစ်ရာ (၆)ဘာသာဂုဏ်ထူး ရရှိသူ(၆၃)ဦးအတွက် ချီးမြှင့်ငွေကျပ် (၃၇.၈၀၀)သန်း၊ (၅)ဘာသာဂုဏ်ထူးရရှိသူ (၁၄၀)ဦးအတွက် ချီးမြှင့်ငွေကျပ်(၇၀.၀၀၀)သန်း၊ ကျန်ရှိသည့် ဂုဏ်ထူးရသူများနှင့် ရိုးရိုးအောင်မြင်သူများ (၇၅၃၈) ဦးအတွက် ချီးမြှင့်ငွေကျပ် (၇၀၄.၅၀၀)သန်း၊ စုစုပေါင်း (၇၇၄၁)ဦးအတွက် ကျပ်(၈၁၂.၃၀၀) သန်းကို ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊

Image may contain: one or more people, people sitting, living room, table and indoor

ယခင်နှစ် ဆုချီးမြှင့်သည့် အခမ်းအနားတွင် MPU Card များအား ကျောင်းသားကျောင်းသူများလက်ဝယ်သို့ တိုက်ရိုက်ပေးနိုင်ခဲ့ပြီး ယခုနှစ်တွင်မူ သွားရေး လာရေးကန့်သတ်မှုများ ရှိနေသောကြောင့် MPU Card များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ကနဦး ပေးပို့မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်များ မှတဆင့် ဆုရကျောင်းသားကျောင်းသူများ လက်ထဲသို့ MPU Card များကို အရောက် ပေးပို့ပြီး အခြေခံပညာဦးစီးဌာနက ဘဏ်နှင့်ချိတ်ဆက်၍ ချီးမြှင့်ငွေ ထည့်ပေးသွားမည်ဖြစ်ပါကြောင်း၊

ကျောင်းသား၊ ကျောင်းသူများသည် ဆန္ဒ၊ ဝီရိယ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံပြီး ရိုးရိုးသားသားနှင့် နက်နက်နဲနဲ သင်ယူကြစေလိုကြောင်း၊ မိတ်ဆွေကောင်းဆိုတာ မိဘ၊ ဆွေမျိုး၊ ဆရာများနှင့် မိမိပတ်ဝန်းကျင်မှာရှိသည့် ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ မိတ်ဆွေစစ်သည် သင်ယူခြင်းပင် ဖြစ်ပါကြောင်း၊ သင်ယူခြင်းသည် အနန္တရတနာသိုက်ဖြစ်ကြောင်း သဘာဝအရင်းအမြစ်သည် ကန့်သတ်ချက်ရှိသည့် အရာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကုန်ဆုံးနိုင်သည့်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် အောင်ကြိုးစားသင့်ပါကြောင်း၊

သင်ယူခြင်းမှတဆင့် အမှားအမှန် ဝေဖန်ခွဲခြားနိုင်ကြောင်း၊ ထို့ကြောင့် ယနေ့ လူငယ်များသည် လိုအပ်သည့် စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုများရရှိအောင် အင်္ဂလိပ်စာနှင့် သတင်း အချက်အလက် နည်းပညာများကို လေ့လာသင်ယူထားစေလိုပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်မှု မရှိသေးသည့် ကလေးများလည်း စိတ်ဓာတ်ကြံ့ခိုင်ရန်လိုကြောင်း၊ အောင်မြင်မှုအခွင့်အလမ်း များထပ်မံရရှိမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့် အောင်မြင်ပြီး အဆင့်မြင့်ပညာများ သင်ယူရန် ရွေးချယ်သည့်အချိန်တွင် မိမိဝါသနာပါသော ဘာသာရပ်ကို ရွေးချယ်ကြရမည်ဖြစ်ပါကြောင်း၊

မိဘများ အနေဖြင့်လည်း သား၊ သမီးရွေးချယ်သည့် ဝါသနာပါသော ဘာသာရပ်ကို ရွေးချယ်ခွင့်ပေးစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ၏ သင်ယူမှုအခွင့်အလမ်း စဉ်ဆက်မပြတ်ရရှိနိုင်ရန် COVID-19 ကမ္ဘာ့ကပ်ရော ကူးစက်မှုအခြေအနေကို ထိန်းချုပ်သည့် အခြေအနေပေါ်မူတည်၍ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံ ပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်များကို ကျောင်းသား (၅၆၆၂၇၄)ဦးအား ပေးအပ် နိုင်ခဲ့ကြောင်း၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှုနည်းလမ်းများနှင့် တတ်မြောက်မှု စစ်ဆေးခြင်းများကို စနစ်သစ်ပညာရေးအရ သတ်မှတ်ထားသည့် နှစ်အလိုက် ပြောင်းလဲနေပြီ ဖြစ်ပါကြောင်း၊ ဆုရကျောင်းသား များ၏မိဘများအနေဖြင့် မိမိတို့၏ ကလေးများကို ထူးချွန်အောင် ပြုစုပေးနိုင်သကဲ့သို့ ဆရာဆရာမများ သည်လည်း မိမိတို့၏တပည့်များကို ပညာအရာထွန်းပြောင်အောင် ပျိုးထောင်ပေးနိုင်ခဲ့သည့်အတွက် ပညာရေးလုပ်ဖော်ကိုင်ဖက် ဆရာဆရာမပညာရေးဝန်ထမ်းများအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါ ကြောင်း၊

ဆုရကျောင်းသားများအား ပညာကိုအစဉ်လေ့လာသင်ယူရန်၊ အတ္တနှင့်ပရ မျှတစွာ သိမြင်ပြီး မိမိအကျိုး၊ မိသားစုအကျိုး သယ်ပိုးနိုင်သည့် သားကောင်းသမီးမွန်များအဖြစ် ကြိုးစားနေထိုင်ကြစေ လိုကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေအရ ခရီးသွားလာရေး ကန့်သတ် ချက်များကြောင့် နေပြည်တော်ရှိ (၆)ဘာသာဂုဏ်ထူးရှင် (၂)ဦးကိုသာ face to face ဆုချီးမြှင့်နိုင်ခဲ့ပြီး ကျန် (၆)ဘာသာဂုဏ်ထူးရှင် (၆၁)ဦး သည် Virtual Event ဖြင့် တက်ရောက်သည့်အတွက် ကျေးဇူးတင်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းသားသမီးများအားဆုချီးမြှင့်ရာ (၆)ဘာသာ ဂုဏ်ထူးရှင် မသီရိမြတ်သူက လက်ခံရယူသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆုချီးမြှင့်ရာ (၆)ဘာသာဂုဏ်ထူးရှင် မမေဖူးခိုင်က လက်ခံရယူသည်။

ဆက်လက်၍ ကျန်ရှိသည့် (၆)ဘာသာဂုဏ်ထူးရှင်များအား အွန်လိုင်းစနစ်ဖြင့် ဆုစာရင်းများ ကြေငြာ ဖတ်ကြား၍ ချီးမြှင့်ပေးအပ်သည်။ထို့နောက် ဂုဏ်ထူးရရှိသည့်ကျောင်းသားကျောင်းသူများ ကိုယ်စားဆုရကျောင်းသူ မသီရိမြတ်သူက ကျေးဇူးတင်စကားပြောကြား၍ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို နေ့လယ် ၁ နာရီတွင် အောင်မြင်စွာပြီးမြောက်ကြောင်း သတင်းရရှိသည်။

Educational Information Department

By Myanmar Education Guide - EDGE

Latest Post News Read 686 times