အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် တက္ကသိုလ်များမှ ဆရာဆရာမများနှင့်ဆွေးနွေး

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာဆရာမများနှင့်ညှိနှိုင်းအစည်းအဝေး ပထမနေ့အစီအစဉ်ကို ဒီဇင်ဘာလ ၂၂ရက် နံနက် ၉:၀၀နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပါသည်။

ညှိနှိုင်းအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များကော်မတီနှင့် ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ဆရာမများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်ဆွေးနွေးကြပါသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ယနေ့ ၂၁ ရာစုနည်းပညာခေတ်နှင့်လိုက်လျောညီထွေဖြစ်စေမည့်နည်းပညာများဖြင့် အရည်အသွေးရှိသောပညာရေးစနစ်ဖြစ်ထွန်းစေရန် ဆရာ၊ဆရာမများအားလုံး မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ New Normal ပညာရေးစနစ်တွင်စိန်ခေါ်မှုများရှိလာခြင်းနှင့်အတူ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများ ဖွံ့ဖြိုးတိုးတက်လာပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာဖြင့် တစ်သက်တာလေ့လာသင်ယူမှု အခွင့်အလမ်းများ မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့အစည်းများတွင်လည်းတစ်သားတည်းဖြစ်မှု၊ လိုက်လျောညီထွေပြုပြင်ပြောင်းလဲလွယ်မှု၊ ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ စုပေါင်းအင်အားဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိရန် လိုအပ်ပါကြောင်း၊

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရစ်စေရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံးစေရေးဟူသော မူဝါဒများအပေါ် အခြေခံကာကျောင်းသားလူငယ်များ ကမ္ဘာ့လူသားကောင်းဖြစ်လာစေရေး၊ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်ရေး၊ တာဝန်ယူမှုတာဝန်ခံမှု၊ ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှုအလေ့အကျင့်ကောင်းများကို လေ့ကျင့်ပေးကြရမည်ဖြစ်ပါကြောင်း၊ အသုံးချ သုတေသနများမှ ရလဒ်ကောင်းများပေါ်အခြေခံ၍ သုတေသနဆွေးနွေးခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ နည်းပညာလွှဲပြောင်းခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု (Public Financial Management - PFM) အရည်အသွေးကို အခြေခံသည့် ယဉ်ကျေးမှုအားကောင်းရန် လိုအပ်ပါကြောင်း၊

 

 

အမျိုးသားပညာအရည်အချင်းအညွှန်းဘောင် (National Qualification Framework - NQF) သတ်မှတ်ချက်အရ စဉ်ဆက်မပြတ် အတတ်ပညာဖွံ့ဖြိုးတိုးတက်မှု (Continuous Professional Development)ကို အထောက်အကူဖြစ်စေပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးအတွက် ဆရာများ၏ ပညာရပ်ဆိုင်ရာစွမ်းဆောင်မှုနှင့် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု အရေးကြီးသကဲ့သို့ စီမံဝန်ထမ်းများ၏ အင်္ဂလိပ်စာစွမ်းရည်၊ အိုင်စီတီ နည်းပညာစွမ်းရည်နှင့် ရုံးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်တို့ မြှင့်တင်ပေးရန် အရေးကြီးပါကြောင်း၊

အရည်အသွေးအာမခံမှု၊ မူဝါဒဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ စံချိန်စံနှုန်းညီလုပ်ထုံး လုပ်နည်း (Standard Operating Procedure) များ ချမှတ်ကျင့်သုံးဆောင်ရွက်နေပါကြောင်း၊ ဒီဂျစ်တယ်နှင့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုများကိုလည်း ချိတ်ဆက်အသုံးပြုရန် လိုအပ်လာပြီဖြစ်ပါ ကြောင်း၊ ကျောင်းများသည် သီအိုရီနှင့်လက်တွေ့ ပေါင်းစပ်သင်ကြားသင်ယူလျက် ပုဂ္ဂလိက စက်မှုလက်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ ကျောင်းသူကျောင်းသားများကို လုပ်ငန်းခွင်အသင့်ဝင်ရောက်နိုင်သူများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းသူကျောင်းသားများနှင့် သင်ယူသူများကို တစ်သက်တာသင်ယူမှု အခွင့်အလမ်းများ၊ ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များရရှိစေရန် ဆရာဆရာမ၊ ဝန်ထမ်း များအားလုံးသည် မိမိသက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ညီညီညွတ်ညွတ်နှင့် စုပေါင်းအင်အားဖြင့် တာဝန်ယူတာဝန်ခံ၍  ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်းနှင့် အခက်အခဲများဖြေရှင်းနိုင် ရေးအတွက် ဝေဖန်အကြံပြုချက်များကို ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားပါသည်။  

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းကို မိတ်ဆက်ရှင်းလင်းကာ UNESCO IIEP က ဆောင်ရွက်ထားသော ပညာရေးကဏ္ဍလေ့လာသုံးသပ်ချက် (Education Sector Analysis – ESA)အစီရင်ခံစာကို ဆက်လက်ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကဏ္ဍနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက နည်းပညာနှင့်သက်မွေးပညာကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးကြ ပါသည်။

ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ သိရှိလိုသည်များကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ မေးမြန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။

Source: Ministry of Education 

By Myanmar Education Guide (EDGE) 

Latest Post News Read 2294 times