DBE Box ဆိုတာကတော့ ပညာရေးဝန်ကြီးဌာနက ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေတဲ့ နည်းလမ်းများစွာထဲကမှ KG +12 စနစ်သစ်ပညာရေးနဲ့ သက်ဆိုင်တဲ့ သင်ထောက်ကူနဲ့ သင်ကြားရေးဆိုင်ရာ ရင်းမြစ်တွေကို အင်တာနက်မလိုပဲ Off Line လေ့လာ သင်ယူလို့ရအောင် စီစဉ်ပေးထားတဲ့ ဒီဂျစ်တယ် သင်ကြားရေး ပလက်ဖောင်းတစ်ခုပဲ ဖြစ်ပါတယ်။
လူတိုင်းအတွက် အကျုံးဝင်သော၊ သာတူညီမျှရှိသော ပညာရေးစနစ်တစ်ရပ်ဖြစ်ပေါ်ရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်တဲ့ အခါမှာ အဓိကကျတဲ့ စိန်ခေါ်မှုတစ်ခုကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို ကျောင်းသုံးစာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများ မပျက်စီး။ မဆုံးရှုံးပဲ အချိန်မီ ရောက်ရှိစေရေးပါပဲ။
ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် DBE Box ထဲမှာ KG+12 သင်ရိုးညွှန်းတမ်းအသစ်နဲ့ သက်ဆိုင်တဲ့ ဖတ်စာအုပ်တွေ၊ သင်ခန်းစာတွေ၊ ဆရာလက်စွဲနဲ့ အထွေထွေသင်ကြားရေး အထောက်အကူပြု စာအုပ်တွေ၊ ဗီဒီယို ဖိုင်တွေကို ထည့်သွင်းပေးထားပါတယ်။
DBE Box တွေကို သုံးစွဲသူများရဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပျုတာများနဲ့ အလွယ်တကူ ချိတ်ဆက်ပြီး သင်ကြား၊ သင်ယူမှုများ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်မီး ရရှိရန် ခက်ခဲတဲ့ ဒေသများအတွက်ပါ အဆင်ပြေစေရန်အတွက် Solar ၊ Power Bank များနဲ့ ချိတ်ဆက် အသုံးပြုနိုင်မယ့် DBE box များကို တပ်ဆင်အသုံးပြုနိုင်ဖို့ စမ်းသပ်ဆောင်ရွက်နေပါတယ်။
လက်ရှိအချိန်မှတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ရှိ ကျောင်းပေါင်း(၆၀)မှာ ရှေ့ပြေး စမ်းသပ်မှု အစီအစဉ် အနေနဲ့ DBE Box များ တပ်ဆင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်၊ (၈)မြို့နယ်မှာလည်း ကျောင်း (၁၅၀)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ကရင်ပြည်နယ်မှာ ကျောင်း (၁၀၀)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တွေမှာ ကျောင်း (၇၉)ကျောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ကျောင်း (၂၀)မှာအခြေခံပညာဉီးစီး ဌာနနဲ့ သက်ဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းများရဲ့ ပံ့ပိုးပေးမှုနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အခြေခံပညာဉီးစီးဌာနအနေနဲ့ လာမယ့် (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံးအတွင်းရှိ ဝေးလံခေါင်ဖျားဒေသများရှိ ကျောင်းပေါင်း (၃,၀၀၀)မှာ DBE Box တပ်ဆင် သွားနိုင်ဖို့အတွက် ရန်ပုံငွေလျာထား ဆောင်ရွက်ပြီး ဖြစ်ကြောင်းသိရပါတယ်။
Myanmar Digital Education Platform