ကျောင်းတွင်း အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ကျောင်းတွင်းဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများဆန့်ကျင် တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ ပြည်သူများနှင့် ပူးပေါင်း၍ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ အရ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူခွင့် မဆုံးရှုံးရေး တို့ကို အခြေခံ၍ ဆောင်ရွက်လျက် ရှိပါကြောင်း သိရသည်။

ယနေ့ အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပ ခြင်းဖြစ်ပြီး အခမ်းအနားဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ကြသူများ အားလုံးတို့ကို လည်း ကျေးဇူးတင် မှတ်တမ်းတင်ပါကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ယူနက်စကို အလုပ်အမှု့ဆောင် အဖွဲ့၏ ၂၀၇ ကြိမ်မြောက် အစည်းအဝေးတွင် ပြင်သစ်၊ မက္ကဆီကို၊ မော်ရိုကိုနိုင်ငံများ၏ အဆိုပြုချက်များကို နိုဝင်ဘာလတွင် ကျင်းပခဲ့သော (၄၀)ကြိမ်မြောက် ယူနက်စကို အထွေထွေ ညီလာခံတွင် အတည်ပြုခဲ့ပြီး “ကျောင်းတွင်း ဆိုက်ဘာ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများ နှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့” အဖြစ် ယူနက်စကို အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃ )နိုင်ငံက သဘောတူခဲ့ပါကြောင်း သိရပါသည်။

ကျောင်းများတွင် အနိုင်ကျင့်မှုများ ဖြစ်ပွားသော ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် အကြမ်းဖက်မှုများ သည် ကလေးသူငယ်များနှင့် ဆယ်ကျော်သက်အရွယ် ကလေးများ၏ ပညာသင်ယူခွင့်၊ ကျန်းမာ ပျော်ရွင်ခွင့်ကို ထိပါးနှောက်ယှက်ခြင်းဖြစ်သည်ကို ယူနက်စကို အဖွဲ့ဝင်နိုင်ငံများက နားလည် သဘောပေါက်ကြပါကြောင်း။ ထို့ကြောင့် နှစ်စဉ် နိုဝင်ဘာလ ပထမသီတင်းပတ်၏ ကြာသပတေးနေ့ကို ကျောင်းတွင်း ဆိုက်ဘာ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများ နှင့် အနိုင်ကျင့်မှုများ ဆန့်ကျင် တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အဖြစ် ကြေငြာသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

ယူနက်စကို အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အခြားဆက်စပ်သော နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများသာမက အရပ်ဖက်အဖွဲ့အစည်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များ၊ လူတစ်ဦးချင်းနှင့် အခြားပါဝင် ပတ်သက်သူများအနေဖြင့် အဆိုပါ နေ့ကို ပူးပေါင်း ပါဝင်ဆင်နွှဲပြီး တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်း နှိုးဆော်ပါကြောင်း။

လွန်ခဲ့သည့် ပျမ်းမျှတစ်လတွင် ကျောင်းများ၌ ကျောင်းသား (၃)ဦးလျှင် (၁)ဦး ခန့်သည် ၎င်းတို့၏ သက်တူရွယ်တူများ၏ အနိုင်ကျင့်ခံရမှုများကို အနည်းဆုံး တစ်ကြိမ် ကြုံတွေ့ရပြီး ရုပ်ပိုင်း ဆိုင်ရာ အနိုင်ကျင့်ခံရမှုများလည်း အလားတူ ကြုံတွေ့ခဲ့ ရပါကြောင်း။ ကျောင်းတွင်း အကြမ်းဖက်မှုနှင့် အနိုင်ကျင့်ခံရမှုများသည် များသောအားဖြင့် သက်တူရွယ်တူများက ကျူးလွန်မှုများဖြစ်ပြီး အချို့မှာ ဆရာ၊ ဆရာမများနှင့် အခြားကျောင်း ဝန်ထမ်းများက အနိုင်ကျင့်နှိပ်စက်မှုများ ဖြစ်ပါကြောင်း။

ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးမှုများသည်လည်း နိုင်ငံပေါင်း (၆၇) နိုင်ငံတွင် ယခုအချိန်အထိ ရှိနေ ဆဲဖြစ်ပါကြောင်း။ ကျောင်းသား (၁၀)ဦးလျှင် တစ်ဦး သည် ဆိုက်ဘာအနိုင်ကျင့်ခံနေရ၍ နောင်တွင် ဆိုက်ဘာအနိုင်ကျင့်ခံရမှု ဖြစ်နိုင်ခြေ ပိုမိုများနေပါကြောင်း။ ယူနက်စကို က ယခုနှစ် အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားဆောင်ပုဒ်ကို “ကျောင်းတွင်း အနိုင်ကျင့်မှု ကင်းဝေးဖို့ အတူလက်တွဲ ဆန့်ကျင့်စို့” “Together Against Bullying in School” ဟု သတ်မှတ် ကျင်းပခြင်းဖြစ်ပါကြောင်း။

အကြမ်းဖက်မှုများသည် ယေဘုယျအားဖြင့် သင်ယူတတ်မြောက်မှု၊ စိတ်ကျန်းမာရေး၊ နှင့် အရည်အသွေး မြှင့်တင်ရေး တို့အပေါ် သိသာထင်ရှား သည့် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေပါကြောင်း။ ကျောင်းများတွင် မကြာခဏ အနိုင်ကျင့်ခံရသော ကလေးများသည် ကျောင်းနှင့် မသက်ဆိုင်သူ တစ်ဦးကဲ့သို့ (၃)ဆနီးပါး ခံစားရပြီး၊ မကြာခဏ အနိုင်ကျင့်မခံရသော ကလေးများထက် ကျောင်းတက်လိုစိတ် နှစ်ဆမက နည်းပါးပါကြောင်း။

အဆိုပါ ကလေးများ ၎င်းတို့၏ အတန်း ဖော် များထက် ပညာရေးဆိုင်ရာ ရလဒ်များ မကောင်းသည့်အတွက် အထက်တန်း ပညာပြီးဆုံးပြီးသည့် နောက်တွင် ကျောင်းထွက်လိုစိတ် ပိုမိုဖြစ်ပေါ်ပါကြောင်း။ထို့ကြောင့် ကျောင်းတွင်း ဆိုက်ဘာ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများ နှင့် အနိုင်ကျင့် နှိပ်စက်မှုများကို ကာကွယ် တားဆီးရန်နှင့် လျော့နည်း ပပျောက် စေရန်အတွက် အရှိန်အဟုန်ဖြင့် တိုးတက်ကောင်းမွန်စေမည့် အကောင်အထည်ဖော်မှုများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် တိုက်တွန်းနှိုးဆော်ပါကြောင်း။ 

ကျောင်းများတွင် အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ပပျောက်စေရန် ဖြေရှင်း ဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) အထူးသဖြင့် SDG ပန်းတိုင်(၄)ဖြစ်သော “လူ တိုင်း အကျုံးဝင်၍ တူညီမျှတပြီး အရည်အသွေး ရှိသည့် ပညာရေးဖြစ်ရေးနှင့် တစ်သက်တာ သင်ယူနိုင်မှု အခွင့်အလမ်းရရှိရေး” နှင့် ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှု ပန်းတိုင်-၁၆ ဖြစ်သော “ငြိမ်းချမ်းသာယာပြီး လူတိုင်းအကျုံးဝင်သော လူ့အဖွဲ့အစည်းများ တိုးမြှင့်လုပ်ဆောင်ရန်” တို့အတွက် မရှိမဖြစ် အရေးပါပါကြောင်း။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ယူနက်စကိုတို့ကလည်း ကျောင်းများတွင် အကြမ်းဖက်မှုကို ကာကွယ်တားဆီးရန် ဘက်စုံလွှမ်းခြုံသော အကောင်အထည်ဖော်သည့် နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကလေးသူငယ်များအပေါ်အကြမ်းဖက်မှု၊ Cyber bullying အပါအဝင် ကျောင်းတွင်းအနိုင်ကျင့်မှုတို့ဟာ ကလေးသူငယ်တွေရဲ့ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့အဟန့်အတားတစ်ရပ်ဖြစ်ပါကြောင်း။

အကြမ်းဖက်အနိုင်ကျင့် ခံရသည့် ကလေးသူငယ်များသည် ဘေးကင်းလုံခြုံစွာ ပညာသင်ကြားခွင့်ရရှိရေးအပေါ် အခက်အခဲတွေကြုံတွေ့ကြရပြီး ငယ်ဘဝကရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေဟာ ဘဝတစ်လျှောက်လုံး တည်ရှိ နေတတ်ပါကြောင်း။ အရွယ်ရောက်လာသည့်အခါမှာလည်း မိမိကိုယ်မိမိ ယုံကြည်မှုကျဆင်းပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားရခြင်း စသည့် ကျယ်ပြန့်သည့် အကျိုးဆက်များ ဖြစ်ပေါ်နိုင်ပါကြောင်း။ ဒါကြောင့် ကြီးမားသည့်ပြဿနာကို တစ်ကမ္ဘာလုံးက ပိုမိုသတိထားမိစေရန် ယခုလို အပြည်ပြည်ဆိုင်ရာနေ့ကို ၂၀၁၉ ခုနှစ်က စတင်ကျင်းပခဲ့တာ ယခုနှစ်သည် ဒုတိယမြောက်နှစ် ဖြစ်ပါကြောင်း။ 

ကျောင်းတွင်းအကြမ်းဖက်မှုနဲ့ အနိုင်ကျင့်မှုဆိုတာ သိမ်မွေ့နက်နဲတဲ့ ပြဿနာဖြစ်တာကြောင့် ကလေးသူငယ်တွေရဲ့အကောင်းဆုံးအကျိုးစီးပွား အတွက် ဌာနပေါင်းစုံပူးပေါင်းဆောင်ရွက်မှု၊ ကျောင်းသား၊ ဆရာ၊မိဘ အပါအဝင် လူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်မှုက အင်မတန် အရေးကြီး ပါကြောင်း။ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအနေနဲ့ နိုင်ငံအတွင်းရှိ ကလေးသူငယ်အားလုံးရဲ့ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်း တွင်ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေးတို့အတွက် ကလေးသူငယ်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဟန်ချက်ညီအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပြိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာ ဥပဒေကို ၂၀၁၈ ခုနှစ်မှာပြဌာန်းနိုင်ခဲ့သလို ကလေးသူငယ်များ အတွက် အကောင်းဆုံး အကျိုးစီးပွားကို အခြေခံပြီး အခွင့်အရေးများ ဖော်ဆောင်နိုင်ရန်အတွက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေ ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လက အသစ်ပြန်လည်ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း။ 

မိမိတို့နိုင်ငံအနေဖြင့် ကလေးသူငယ်များအပေါ် ပုံသဏ္ဍာန်မျိုးစုံသော အကြမ်းဖက်ခြင်းများမှ ထိရောက်စွာ အကာအကွယ် ပေးနိုင်ရေးအတွက် အာဆီယံဒေသတွင်းအဆင့်တွင်ရော၊ နိုင်ငံအတွင်းရှိ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများအပါအဝင် လူသားအရင်းအမြစ်ဆိုင်ရာ အပိုင်းများအားလုံးတွင် နောက်ကျမကျန်ရှိ စေအောင် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မိဘအုပ်ထိန်းသူများ၊ ကြီးကြပ်သူ ဆရာ၊ ဆရာမများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူလူထု အနေဖြင့်လည်း ဟန်ချက်ညီညီ အတူပါဝင် ပူးပေါင်းဆောင်ရွက်ရင်းနဲ့ နိုင်ငံရဲ့အနာဂတ်ကလေးငယ်များ လွတ်လပ်လုံခြုံစွာ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် UNESCO မှ ကိုယ်စားလှယ် Ms Dolly Shein က ကျောင်းတွင်းအနိုင်ကျင့်မှု၊ အကြမ်းဖက်မှုနှင့် Cyber Bullying များကို ရှင်းလင်းပြောကြားသည်။

ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာတာရှိသူများ၊ ယူနက်စကို၊ ယူနီဆက် မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Educational Information Department

Latest Post Read 795 times