Sales Hotline : 09448001653       Download App



အားကစားနှင့် ပညာရေး ထိရောက်စွာ ပေါင်းစပ်မှု ဦးစီးကော်မတီ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

အားကစားနှင့် ပညာရေး ထိရောက်စွာ ပေါင်းစပ်ရေး၊ အားကစားနှင့် ပညာရေး ပေါင်းစပ်မှု ဦးစီးကော်မတီ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

Image may contain: one or more people, text that says 'MOHS'

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

Image may contain: one or more people, text that says 'MOHS'

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုအစည်းအဝေးသည် အားကစားနှင့် ပညာရေး ပေါင်းစပ်မှုဦးစီးကော်မတီ ဖွဲ့စည်းရေးအတွက် ဆွေးနွေး အကြံပြုမှုများရယူရန် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ကာယပညာသည် အလွန်အရေးကြီးပါကြောင်း၊ ယခင်သင်ရိုးဟောင်းတွင် ကာယပညာ ဘာသာရပ်သည် တွဲဖက်သင်ရိုးသာရှိခဲ့ပြီး သီးသန့်သင်ရိုးညွှန်းတမ်း စာအုပ်မရှိခဲ့ပါကြောင်း၊ ကာယပညာ သင်ကြားရန် ကာယဆရာ လုံလုံလောက်လောက်မရှိခဲ့သလို လေ့ကျင့်ရေးအားကစား ပစ္စည်းများလည်း လုံလုံလောက်လောက် မထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ ယခုသင်ရိုးသစ်တွင် (KG + G-12) အထိ ကာယဘာသာရပ်ကို မသင်မနေရ ဘာသာရပ်အဖြစ် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း ရေးဆွဲခဲ့ပါကြောင်း။

Image may contain: one or more people, text that says 'MOHS'

သင်ရိုးသစ်တွင် (KG+G12) တက္ကသိုလ်ဝင်တန်း ကာယဆရာ/ ဆရာမ လုံလောက်စွာ ရရှိစေရန်အတွက် (Bsc, Sports) ဘွဲ့ရသူများအား ခန့်အပ်ထားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရာတွင် နှစ်စဉ် ဘွဲ့ရသူဦးရေမှာ (၁၀၀) ခန့်သာရှိ၍ လုံလောက်မှု မရှိသေးပါကြောင်း၊ ကျန်တက္ကသိုလ် များ၌ (Bsc, Sports) ဘွဲ့သင်တန်းများ သင်ကြားနိုင်ရန် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ အားကစား သမားတစ်ယောက်သည် အားကစားကို ဝါသနာပါပြီး တက္ကသိုလ်တက်ရောက်နိုင်ရန် အသက်မွေးဝမ်းကြောင်း ပညာသင်ယူနိုင်ရန် ဘဝအာမခံချက်ရှိရန် လိုအပ်ပါကြောင်း၊ သို့မှသာ အားကစားကို နှစ်သက်ဆောင်ရွက် နိုင်မည်ဖြစ်ပါ‌ကြောင်း။

Image may contain: one or more people and people sitting

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အားကစား သိပ္ပံကျောင်းများတွင် ပညာသင်ယူပြီး ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ယူခွင့်ရရှိရေး အခွင့်အလမ်း များကို ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်အတွက် မူဝါဒကို တိတိကျကျချမှတ်ပေးရန် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌လည်း အားကစားကွင်း/ အားကစားရုံများကို ဝန်ကြီးဌာနမှ တိုးချဲ့ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှလည်း အခြေခံပညာကျောင်းများတွင် အားကစား လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်နေသဖြင့် အထူးကျေးဇူး တင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနှင့်လည်း အခြေခံပညာကျောင်းများတွင် ခြင်းလုံး၊ ဘောလုံး၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ ခုန်ကြိုး စသည့် အားကစားပစ္စည်းများ ထောက်ပံ့ပေးပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသားအား ကစားပြိုင်ပွဲ၊ တက္ကသိုလ် ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပခြင်း၊ အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင် ကြိုးစားသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

Image may contain: one or more people, people sitting and people standing

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အားကစားနှင့် ပညာရေး ပေါင်းစပ်၍ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ရန်အတွက် ကော်မတီ တစ်ရပ်ကို (၂၀၀၈) ခုနှစ်တွင် ဖွဲ့စည်း ခဲ့သော်လည်း လုပ်ငန်းများ နှောင့်နှေးနေခဲ့သည့်အတွက် အရှိန်အဟုန်ဖြင့် အားဖြည့် ဆောင်ရွက် ရန်အတွက် ယခုကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနသည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်နေသကဲ့သို့ အခြားသော ပြည်သူ့ကျန်းမာရေး လုပ်ငန်းများနှင့် အားကစားကဏ္ဍ ကိုလည်း လစ်လျူရှု၍ မရပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ကို ကြံခိုင်သန်စွမ်းစေကာ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြင့်တက်စေနိုင်သဖြင့် ရောဂါ များကို ခုခံနိုင်စွမ်းများ မြင့်တက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ယခု ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုကာ အောင်မြင်မှုအတိုင်း အတာတစ်ခုအထိ ရရှိနေသော ကိုဗစ်-၁၉ ကာကွယ်ဆေး များကို ထိုးနှံပြီးပါက ရောဂါကိုခုခံနိုင်မှု အချိန်ကာလအတိုင်းအတာ မည်မျှတာရှည်ခံမည်ကို မသိရှိရသေးပါကြောင်း။

Image may contain: one or more people

သို့ဖြစ်၍ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများကို ဆက်လက်လိုက်နာခြင်း၊ ရောဂါကိုခုခံနိုင်မှု ကိုယ်ခံအား မြင့်မားစေရန်အတွက် မိမိနှင့် သင့်တော်ရာ ကိုယ်လက် လှုပ်ရှားအားကစား ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ရေရှည်တွင် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားသေဆုံးသူများ၏ (၈၅) ရာခိုင်နှုန်းခန့်သည် သွေးတိုးရောဂါ၊ ဆီးချို ရောဂါ၊ နှလုံးသွေးကြောရောဂါစသည့် ရောဂါအခံတစ်မျိုးမျိုးရှိ နေသူများ ဖြစ်ပါကြောင်း၊ အားကစားလေ့ကျင့်လိုက်စားမှုဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါစသည့် ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည်ဖြစ်သဖြင့် ကိုဗစ်-၁၉ ကဲ့သို့ ရောဂါမျိုး ကူးစက်ပါ ကလည်း ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန်လုပ်ထားသူ တစ်ဦးအနေဖြင့် ရောဂါပြင်းထန်ကာ အသက်သေဆုံးနိုင်ချေကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း။

Image may contain: one or more people

ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းသည် ထိုကဲ့သို့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အကျိုးကျေးဇူး များသာမက စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကို ပါရရှိစေနိုင်ပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်း၊ ကောလိပ်နှင့် တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၌ ကိုယ်လက် လှုပ်ရှား အားကစား ပြုလုပ်ခြင်းမှတစ်ဆင့် အလေ့အကျင့်ကောင်းများ ပိုင်ဆိုင်လာခြင်းနှင့် ထိုအလေ့အကျင့် ကောင်းများကို တစ်ဦးမှတစ်ဦး လက်ဆင့်ကမ်း ရရှိခြင်းတို့ဖြင့် နိုင်ငံတော် အတွက်  ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသူ အမြောက်အများ ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ အားကစားနှင့် ပညာရေးပေါင်းစပ် ဆောင်ရွက်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်အတွက် ဦးစီးကော်မတီကို ဖွဲ့စည်းရာတွင် အလုပ်တာဝန် ဝတ္တရားများ တိကျစွာ သတ်မှတ်ခြင်း၊ လုပ်ငန်းလမ်းပြမြေပုံ တိကျစွာရေးဆွဲချမှတ်ကာ ကဏ္ဍအလိုက် လုပ်ငန်း တာဝန်များ ခွဲဝေသတ်မှတ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဆင့်တွင် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းကာ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆန်းစစ်အကဲဖြတ်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။

ယခုအခါ အခြေခံပညာကျောင်းများ၏ သင်ရိုးညွှန်းတမ်းများတွင် ကိုယ်လက်လှုပ်ရှား အားကစား ဆိုင်ရာ သင်ရိုးများပါဝင်နေပြီဖြစ်သဖြင့် အကျိုးရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများအတွက် လိုအပ်သော အားကစားပစ္စည်းများ တတ်နိုင်သမျှ ပံ့ပိုးပေးအပ်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း ကျောင်းများ အတွက် လိုအပ်သော အားကစားပစ္စည်းများ ဝယ်ယူဖြည့်တင်းရန်နှင့် ကျောင်းအားကစားကွင်း၊ ရုံနှင့် ခန်းမများ ဆောက်လုပ်ရန် ဘဏ္ဍာငွေများ ပိုမိုထည့်သွင်း လျာထားစေလိုပါကြောင်း။

ယခုအစည်းအဝေးတွင် အားကစားနှင့် ပညာရေးထိရောက်စွာ ပေါင်းစပ်ရေးအတွက် လက်တွေ့ အမှန်တကယ် လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များနှင့် အားဖြည့်ဆောင်ရွက်ရန် လိုအပ်သည် များကို အကြံပြုဆွေးနွေးကြစေလိုပါကြောင်း၊ အားကစားနှင့် ပညာရေး ထိရောက်စွာ ပေါင်းစပ် ခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ကာ ပညာရည် မြင့်မားတိုးတက်ပြီး နိုင်ငံတော်အတွက် ရေရှည်အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက (၂၀၀၈) ခုနှစ်မှစပြီး အားကစားနှင့် ပညာရေးပေါင်းစပ် လုပ်ကိုင်ခဲ့သော လုပ်ငန်းစဉ်များ၊ (၂၀၁၈) ခုနှစ် တွင် Asian University Games အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်မှုလုပ်ငန်းစဉ်များ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အားကစားနှင့် ပညာရေးပူးပေါင်း ဆောင်ရွက်မှုဦးစီးကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် လမ်းညွှန်ချက် ဆောင်ရွက်မှုများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသော အဆင့်မြင့်ပညာရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက တက္ကသိုလ်များတွင် ကာယပညာရပ်ဆိုင်ရာ အရာရှိများ ခန့်ထားနိုင်ရေး၊ (B.Sc. (Sports)) သင်တန်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေး၊ (၂၀၂၁) Asian University Games ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပညာရေးစီမံကိန်းနှင့် သုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ၊ ညွှန်ကြား ရေးမှူး ဦးထွန်းသန့်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

By Myanmar Education Guide - EDGE

Latest Post News Read 730 times