တရုတ် NGO သည် စာသင်ကျောင်းများကို အားကစားပစ္စည်းများ လှူဒါန်း

 

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်သွယ်ရေး စင်တာတို့မှ ပူးပေါင်းပြီး ပိုက်ခြင်း၊ ဘောလုံး၊ ကြက်တောင်နှင့် အခြားအားကစား အထောက်အကူပြုပစ္စည်းများ အပါအဝင် အားကစား ကိရိယာများကို ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများသို့ လှူဒါန်းခဲ့ပါသည်။

 

အဆိုပါ လှူဒါန်းခြင်းသည် စတုတ္ထမြောက်ဖြစ်ပြီး အခမ်းအနားကို သြဂုတ်လ (၂) ရက်နေ့၊ သောကြာနေ့တွင် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ လှူဒါန်းမှုတွင် အခြေခံပညာကျောင်း (၆) ကျောင်းနှင့် တက္ကသိုလ် (၁) ခု ပါဝင်ပြီး ကျပ်သိန်း ၃၀၀ ဖိုး အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရပါသည်။ 

 

CFPD မှ ဦးဆောင်သည့် “Silk Road People to People Connectivity Care for the Future” အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ယင်းလှူဒါန်းမှုသည် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် လူမှု-ယဉ်ကျေးမှု ဆက်ဆံရေးမြှင့်တင်ရန် ရည်ရွယ်ပါသည်။ 

 

“နှလုံးသားမှ ပိုးလမ်းမ: အနာဂတ်ကို စောင့်ရှောက်” လှူဒါန်းမှုတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်းကျောင်း ခြောက်ကျောင်း ဖြစ်သည့် လသာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ် အမှတ် (၁၃) အခြေခံပညာ မူလတန်းကျောင်း၊ ဒဂုံဆိပ်ကမ်း အမှတ် (၈) အလယ်တန်းကျောင်း၊ လှိုင်သာယာ အမှတ် (၁၈) အခြေခံပညာ မူလတန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ထော်ဝပ်) သံလျင်၊ သာကေတ အမှတ် (၁၈) အလယ်တန်းကျောင်းနှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် (YUFL) တို့ ပါဝင်ပါသည်။ 

 

အခမ်းအနားအတွင်း CFPD ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Mr. Liu Zhenzhong က “တည်ထောင်ချိန်ကစလို့ သံတမန်ရေးရာအရ လူများ၏ မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသရေးနှင့် ပညာရေးတို့ကို စဉ်ဆက်မပြတ် မြှင့်တင်ရန် မြန်မာနိုင်ငံတွင် ပရောဂျက်များစွာကို ရေးဆွဲထားပါတယ်။ အဲဒီအတွက် စုစုပေါင်း ယွမ် သန်း ၂၀ ကျော် သုံးစွဲခဲ့ပါတယ်။” ဟု ပြောကြားခဲ့သည်။ 

 

သာကေတ အမှတ် ၁၈ အခြေခံပညာအလယ်တန်းကျောင်းမှ အသက် ၁၇ နှစ်အရွယ် ၉ တန်း ကျောင်းသား မောင်မင်းသီဟကိုသည် “ကျွန်တော်တို့ ကျောင်းအတွက် ဘောလုံး၊ တင်းနစ်၊ ဘော်လီဘောနဲ့ ဆက်စပ်အားကစားပစ္စည်းတွေကို လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းတွေမှာ အရင်ကလည်း အားကစားအတွက် အထောက်အကူတွေ အပြည့်ရှိပါတယ်။ အခုသူတို့က ထပ်လှူလို့ ဝမ်းသာပါတယ်။ ဒီအလှူကို ကျေးဇူးတင်ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးအတွက်လည်း ကောင်းပါတယ်။” ဟု ပြောကြားခဲ့ပါသည်။ 

 

CFPD သည် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစတင်၍ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်လည်ပတ်လျက်ရှိပါသည်။ အဓိကအားဖြင့် မြန်မာကျောင်းသားများအတွက် စာသင်ကျောင်းများသို့ ပညာရေးသုံးပစ္စည်းများ၊ ပညာရေးအသုံးအဆောင်များ၊ စာရေးကိရိယာများနှင့် အားကစားပစ္စည်းကိရိယာများကို လှူဒါန်းပါသည်။

 

Source - NP News

Latest Post Local News Read 79 times