အခြေခံပညာသင်ရိုးညွှန်းတမ်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်၊ ကာကွယ်၊ တားဆီးနေရသည့် ကာလတွင် JICA နှင့် ADB တို့၏အကူအညီဖြင့် သင်ရိုးရေးဆွဲ ရေး(CDT)အဖွဲ့ဝင်များ၊ ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်သစ်များဖြစ်သည့် Grade-5 ၊ Grade-8 ၊ Grade-11 တို့ကို အချိန်မီပြုစု အတည်ပြုနိုင်ရေး ကြိုးစား ဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ရှိပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နေကြသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သည့်အတွက်ဖြစ်စေ၊ ကျောင်းသုံး ဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များ အချိန်မီပြုစု အတည်ပြုရေးအတွက် ဖြစ်စေ အခက်အခဲများရှိပါက ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးဝင်းက သင်ရိုးသစ် Grade-5 ၊ Grade-8 ၊ Grade-11 သိပ္ပံဘာသာရပ်စာအုပ်များ(သင်္ချာ၊ သိပ္ပံ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ပန်းချီ )၊ အနုပညာ(ဂီတ)၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ပြုစုထားရှိမှု အခြေအနေနှင့်ပတ်သက်၍ လည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာလွင်က သင်ရိုးသစ် Grade-5 ၊ Grade-8 ၊ Grade-11 ဝိဇ္ဇာဘာသာရပ် စာအုပ်များ(မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘောဂဗေဒ)ပြုစုထားရှိမှုအခြေအနေနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ ပညာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် JICA(CREATE) Project ၊ ADB EYE Project တို့မှ တာဝန်ရှိသူ များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ က ဗီဒီယိုကွန်ဖရင့်ဖြင့်ချိတ်ဆက်၍ အခြေခံပညာ သင်ရိုးညွှန်းတမ်း ဆောင်ရွက် နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။
Source: The Mirror Daily