အခြေခံပညာကျောင်းများ အောက်တိုဘာကျောင်းပိတ်ရက်ရှည်အလွန် ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်လျက်ရှိ

 

 

 

အခြေခံပညာကျောင်းများအား အောက်တိုဘာ ကျောင်းပိတ်ရက်ရှည်ကာလအလွန်တွင် ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအားလုံးကို COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးရန်လိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အလယ်တန်း၊ အထက်တန်း အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား COVID-19 ကူးစက်မြန် ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက် အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအကုန်တွင် မြန်မာနိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံပြီးဖြစ်အောင် ရည်မှန်းချက် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကလည်း ချမှတ်ထားသည့် ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များနှင့် ပေါင်းစပ်ပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ထို့ပြင် COVID-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူခွင့်တစ်နှစ် ဆုံးရှုံးမှုမရှိစေရေးအတွက် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် COVID-19 ရောဂါတတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဖြစ်ပွားခဲ့ပြီး မိမိတို့နိုင်ငံကိုပါ ကူးစက်မှုများပြားလာသည့်အတွက် စာသင်ကျောင်းများကို ပြန်လည်၍ ယာယီပိတ်ခဲ့ရကြောင်း၊ ယခုအခါ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်းသည် ယခင်ကလောက် မပြင်းထန်တော့ဘဲ ပိုးကူးစက်မှုရာခိုင်နှုန်းသည် နေ့စဉ်စစ်ဆေးသည့် ပမာဏ၏ ရှစ်ရာခိုင်နှုန်းနှင့် ခုနစ်ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ်တစ်နှစ် နစ်နာမှုမရှိစေရေး အမြန်ဆုံးကျောင်းပြန်လည် တက်ရောက်နိုင်ရန် စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား COVID-19 ရောဂါ ကူးစက်မှုမခံရစေရန်နှင့် ကျန်းကျန်းမာမာဖြင့် စာပေသင်ကြားနိုင်ရန်ရည်ရွယ်၍ အောက်တိုဘာ ကျောင်းပိတ်ရက်ရှည်ကာလအလွန်တွင် ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို COVID-19 ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံပေးရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှသာလျှင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ အပြန်အလှန် ယုံကြည်စိတ်ချစွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထို့အတူ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ပြီးဆုံးမည့်ကာလကို တိတိကျကျသတ်မှတ်၍ မရကြောင်း၊ ၎င်းအပြင် ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ခြောက်လတစ်ကြိမ် ထပ်မံထိုးနှံရန်လိုအပ်သည်ဟု အကြံပြုချက်များလည်းရှိနေကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် ကာကွယ်ဆေး စဉ်ဆက်မပြတ်ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ရရှိနေစေရေးအတွက် မိမိနိုင်ငံတွင် ကာကွယ်ဆေးအား Ready to Fill စနစ်ဖြင့် ထုတ်လုပ်နိုင်အောင် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မကုန်မီ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံမှုအား ခြောက်လတစ်ကြိမ် ပူပန်စိုးရိမ်မှုမရှိဘဲ ထိုးနှံနိုင်မည်ဖြစ်ပြီး ကူးစက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်မှုများ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကြက်ခြေနီအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ စသည့်တို့လည်း ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်များအလိုက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဖွဲ့စည်းပေးမည့်အဖွဲ့များအပြင် ကျောင်းဆရာ၊ ဆရာမများပူးပေါင်း၍ ဆောင်ရွက်ပါက သွက်လက်မြန်ဆန်စွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အစိုးရအဖွဲ့အသီးသီးကလည်း လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်နှင့် ပူးပေါင်းချိတ်ဆက်၍ လျင်မြန်စွာထိုးနှံနိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

 

https://news-eleven.com/

Local News Read 1985 times