ဩစတေးလျတွင် အလည်ဗီဇာမှ ကျောင်းသားဗီဇာသို့ ပြောင်းလဲလျှောက်ထားခွင့်မပြု

 

ဩစတြေးလျနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ အလည်ဗီဇာမှ ကျောင်းသားဗီဇာသို့ ပြောင်းလဲလျှောက်ထားခြင်းကို ဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ မူဝါဒအသစ်ချမှတ်ခဲ့ပါသည်။ 

 

အလည်ဗီဇာနှင့် ယာယီဘွဲ့လွန်ဗီဇာများအပြင် အောက်ဖော်ပြပါဗီဇာများအား ကိုင်ဆောင်ထားသူများသည်လည်း ကျောင်းသားဗီဇာသို့ ကူးပြောင်းလျှောက်ထားနိုင်တော့မည်မဟုတ်ကြောင်း သိရပါသည်။ 

  • Subclass 485 (Temporary Graduate)
  • Subclass 600 (Visitor)
  • Subclass 601 (Electronic Travel Authority)
  • Subclass 602 (Medical Treatment)
  • Subclass 651 (eVisitor)
  • Subclass 771 (Transit)
  • Subclass 988 (Maritime Crew)
  • Subclass 995 (Diplomatic Temporary) – primary visa holders only
  • Subclass 403 (Temporary Work) International Relations)) – Domestic Worker (Diplomatic or Consular) stream
  • Subclass 426 (Domestic Worker (Temporary) – Diplomatic or Consular)

 

အဆိုပါမူဝါဒအသစ်သည် ဗီဇာတစ်ခုမှတစ်ခုသို့ ပြောင်းလဲလျှောက်ထားပြီး သြစတေးလျနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်းကို ဆက်လက်တိုးမြှင့်နိုင်သည့် အခွင့်အရေးအား ပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်ပါသည်။ 
 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၄ ခုနှစ် မေလကုန်အထိ ဩစတေးလျနိုင်ငံတွင် အလည်ဗီဇာမှ ကျောင်းသားဗီဇာသို့ ကူးပြောင်းလျှောက်ထားသူ ၃၆,၀၀၀ အထိ ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအင်းအချက်အလက်များအရ သိရပါသည်။

 

ထို့ကြောင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ သြစတြေးလျသည် နိုင်ငံတကာကျောင်းသားများအတွက် တင်းကျပ်သည့် ဗီဇာမူဝါဒသစ်များစွာကို ချမှတ်ပြဌာန်းခဲ့ပါသည်။ အကြောင်းမှာ လာမည့် (၂) နှစ်အတွင်း နိုင်ငံခြားသား ရွှေ့ပြောင်းနေထိုင်သူဦးရေကို လက်ရှိအရေအတွက်မှ ထက်ဝက်သို့ လျှော့ချနိုင်ရန်ဖြစ်ပါသည်။  


 
သြစတြေးလျနိုင်ငံသည် နိုင်ငံတကာကျောင်းသားများအတွက် အချိန်ပိုင်းအလုပ်ချိန်သည် ယခင်က ကန့်သတ်ခြင်း မရှိရာမှ မနှစ်က ဇူလိုင်လမှာ စပြီး တစ်ပတ်ကို အများဆုံး (၂၄) နာရီသာ လုပ်ရမည်ဟု ကန့်သတ်ထားပါသည်။

 

နိုင်ငံတကာကျောင်းသားများ၏ ဘွဲ့လွန်နေထိုင်ခွင့်ကိုလည်း ယခင်က လေးနှစ်မှ ခြောက်နှစ်အထိ သတ်မှတ်ခဲ့သော်လည်း ယခုနှစ် ဖေဖော်ဝါရီလကုန်မှစ၍ နှစ်နှစ်မှ လေးနှစ်အထိ လျှော့ချခဲ့ပါသည်။ 

 

ထို့အပြင် ပြီးခဲ့သည့် မတ်လတွင် နိုင်ငံတကာကျောင်းသားများအတွက် အင်္ဂလိပ်စာ လိုအပ်ချက်ကို  IELTS အမှတ် 6.0 မှ 6.5 သို့ တိုးမြှင့်ခဲ့ပြီး မေလတွင်လည်း ကျောင်းသားဗီဇာလျှောက်ရာတွင် ဘဏ္ဍာရေးလိုအပ်ချက်ကို ယခင်က AUD 21,041 မှ ယခု AUD 29,710 အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ 

 

သြစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် US နှင့် Canada ပြီးလျှင် ရေပန်းအစားဆုံး Study Abroad နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်အစမှ မတ်လကုန်အထိ သြစတြေးလျနိုင်ငံတွင် နိုင်ငံတကာကျောင်းသားပေါင်း ၇၄၁,၀၀၀ ကျော် နေထိုင်လျက်ရှိပြီး တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်မှ ကျောင်းသားများကို အများဆုံး တွေ့ရပါသည်။

 

သြစတြေးလျနိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းတစ်ခုမှာ နိုင်ငံတကာပညာရေးကဏ္ဍဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဩစတြေးလျဒေါ်လာ ၃၆ ဒသမ ၄ ဘီလျံတန်ဖိုးအထိ ဝင်ငွေရရှိခဲ့ပါသည်။ 

 

Source - https://immi.homeaffairs.gov.

International News Latest Post Read 311 times