Sales Hotline : 09448001653       Download App



APT Young Professional & Students Programme 2020 ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ Asia Pacific Telecommunity (APT) ၏ ပံ့ပိုး ကူညီမှု၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းသည် APT Young Professional & Students Programme (APTYPS) 2020 ပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အွန်လိုင်း ဆုချီးမြှင့်ပွဲအဖြစ် ကျင်းပခဲ့သည်။ 

ပထမဦးစွာ အဖွင့်ဗီဒီယိုကို ပြသသည်။ ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် Asia Pacific Telecommunity (APT) မှ Secretary General, Ms. Areewan Haorangsi က အမှာစကားပြောကြားသည်။ 
ဆက်လက်ပြီး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြိုင်ပွဲအကြောင်း ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က အမှာစကား ပြောကြားသည်။

ထိုပြိုင်ပွဲကို ကျောင်းသူ ကျောင်းသားများ၏ နည်းပညာတီထွင် ဆန်းသစ် မှုများ တိုးတက်လာစေရန်၊ ကျောင်းတွင်းအဖွဲ့အစည်း Teamwork လုပ်ဆောင် တတ်လာစေရန်၊ ပညာရပ်ဆိုင်ရာ (STEM) သိပ္ပံနည်းပညာများ ဖွံ့ဖြိုးလာစေရန်၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များ ဖွံ့ဖြိုးလာစေရန်၊ ဝေဖန်ဆန်းစစ်မှုနှင့် ပူးပေါင်းဆောင်ရွက်ဖလှယ်မှုများအား ပြိုင်ပွဲမှတစ်ဆင့် လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။ 

ပြိုင်ပွဲများတွင် လူငယ်အလွှာပေါင်းစုံမှ ပါဝင်နိုင်စေရန် အသက် ၁၀ နှစ်မှ ၁၇ နှစ်အထိ လူငယ်များအတွက် Junior Innovative Robot Project Competition နှင့် အသက် ၁၇ နှစ်မှ ၂၀ နှစ်အထိ လူငယ်များ ပါဝင်နိုင်သည့် Senior Innovative Robot Project Competition ဟူ၍ ပြိုင်ပွဲနှစ်မျိုး ခွဲခြား ကျင်းပပေးခဲ့သည်။ Junior Innovative Robot Project Competition ပြိုင်ပွဲ တွင် ပြည်နယ်၊ တိုင်းဒေသကြီးများမှ အဖွဲ့ သုံးဖွဲ့နှင့် Senior Innovative Robot Project Competition ပြိုင်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ စုစုပေါင်း အဖွဲ့ ကိုးဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ 

ဆုပေးပွဲမစတင်မီ ပြိုင်ပွဲကျင်းပခဲ့သည့် မှတ်တမ်းဗီဒီယိုကို ပြသခဲ့သည်။ ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာတွင် Senior Innovative Robot Project ပြိုင်ပွဲတွင် ပထမဆုကို မောင်ကောင်းမြတ်ကျော်၊ မောင်မြင့်မြတ်အောင် University of Information Technology (UIT)မှ “Portable Storage Management System for Refrigerators using Computer Vision with Convolutional Neural Network” Project ဖြင့်လည်းကောင်း၊ ဒုတိယဆုကို မောင်ဝေလျံကောင်း၊ မောင်လွင်မိုးအောင် Technology University (Hmawbi) မှ “Multi Sensor Vehicle” Project ဖြင့်လည်းကောင်း၊ Performance Award ဆုများကို မောင်ကောင်းနေလင်းခန့်၊ မောင်ကေသဒ္ဒါစိုး Myanmar Institute of Information Technology (MIIT) မှ “Humidifiers Robot” Project ဖြင့် လည်းကောင်း၊ မောင်အောင်ချမ်းမြေ့၊ မောင်အေးသက်ဇော် University of Computer Studies, Yangon (UCSY) မှ “Self-Caring Garden” Project ဖြင့် လည်းကောင်း၊ မယဉ်သီရိမွန်၊ မနှင်းအေးလွင် Info Myanmar University (IMU) မှ “Nursing Robot” Project ဖြင့်လည်းကောင်း ဆုများကို ဆွတ်ခူးရရှိ ခဲ့ကြသည်။ 

Junior Innovative Robot Project ပြိုင်ပွဲတွင် ပထမဆုကို မောင်လင်းရန် အောင်၊ မောင်ထွန်းအောင်ကျော်ဦး Brainswork Intergrated School မှ “Automatic Underground Garbage System” Project ဖြင့် လည်းကောင်း၊ ဒုတိယဆုကို မောင်စိုင်းသော်ဇင်ကို၊ မကြယ်စင်နှင်း အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း တောင်ငူ မှ “Health Aids Machine (hand sanitizer, mask giver)” Project ဖြင့်လည်းကောင်း၊ Performance Award ဆုကို မောင်မင်းစွမ်းပြည့်၊ မောင်ကောင်းမြတ်ကျော် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း တောင်ငူမှ “Car Parking” Project ဖြင့်လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။ 

အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဌာန၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့က ပါဝင်အကဲဖြတ်ပေးခဲ့သည်။ 
ဆုပေးပွဲအပြီးတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဆုချီးမြှင့် ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

The Mirror Daily

Latest Post News Read 740 times