Sales Hotline : 09448001653       Download App



နေ့ဘက်စာလုပ်တာနဲ့ ညဘက်စာလုပ်တာ ဘယ်ချိန်ပိုကောင်းတယ်ထင်လဲ?

ကျောင်းသားတွေအနေနဲ့ တခါတလေကျရင် အိမ်စာပဲဖြစ်ဖြစ် စာမေးပွဲအတွက်ပဲဖြစ်ဖြစ် စာကို ကျကျနနထိုင်လုပ်ဖို့ ဘယ်အချိန်အကောင်းဆုံးလဲဆိုတာ စဉ်းစားမိကြမယ် ထင်ပါတယ်။

 

ကိုယ့်အချိန်ဇယားအတိုင်း စာလုပ်တာက ကျောင်းစာတွေကို အချိန်မှန် ပြီးစေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တစ်နေ့တာရဲ့ အချိန်တွေဟာ ဦးနှောက်မှတ်ဉာဏ်စွမ်းအားပေါ် သက်ရောက်ပုံချင်း မတူညီကြပါဘူး။ ဒါကြောင့် ဘယ်အချိန်က စာကျက်ဖို့ အကောင်းဆုံးလဲဆိုတာ မျှဝေပေးသွားပါမယ်။ 

 

တစ်နေ့တာရဲ့ အချိန်တွေက ဦးနှောက်အပေါ် ဘယ်လို သက်ရောက်လဲ?

ကျောင်းသားတွေရဲ့ ဦးနှောက်က တစ်ညတာလုံး ပြည့်ပြည့်၀၀ အိပ်ထားပြီး အာဟာရမျှတတဲ့ နံနက်စာစားပြီးချိန် မနက်ပိုင်းမှာ အထက်မြက်ဆုံး ဖြစ်လေ့ရှိပါတယ်။ ဒီအချိန်က ဖတ်စာအုပ်လေးဖွင့်ပြီး ကိုယ်မကျက်ရသေးတဲ့ စာအသစ်တွေ ဒါမှမဟုတ် အရင်နေ့က ကျက်ထားပြီးသား စာတွေကို ပြန်နွှေးဖို့ကောင်းတဲ့ အချိန်ပဲဖြစ်ပါတယ်။

ဦးနှောက်က ပုံမှန်ထက်ပိုပြီး နိုးနိုးကြားကြားရှိနေတဲ့အတွက် ကျောင်းသားတွေအနေနဲ့ နာမည်၊ နေရာ၊ ခုနှစ်နဲ့ အချက်အလက်တွေလို အသေးစိတ်မှတ်မိရမယ့်အရာတွေကို ပြန်သတိရစေနိုင်စွမ်း ရှိပါတယ်။

နေ့လည်ဘက်မှာကျတော့ ဦးနှောက်က သူတို့သိထားပြီးသားဖြစ်ပေမဲ့ သိပ်မရသေးတဲ့စာတွေ၊ အကြာကြီးပစ်ထားမိပြီး အသစ်လိုဖြစ်နေတဲ့စာတွေကို ပြန်လုပ်ဖို့အတွက် ကောင်းပါတယ်။ ဒီအချိန်တွေမှာဆိုရင် ကျောင်းသားတွေက သူတို့သင်ထားပြီးသားစာတွေရဲ့ အဓိပ္ပာယ်ကို ပိုနားလည်ပြီး သေချာမှတ်မိသွားတတ်ကြပါတယ်။

 

တစ်နေ့တာရဲ့ ဘယ်အချိန်က စာလုပ်ဖို့ အကောင်းဆုံးလဲ?

တစ်ယောက်နဲ့တစ်ယောက် စာလုပ်တဲ့အချိန်တွေ မတူညီကြပါဘူး။ တချို့လူတွေကျတော့ တစ်နေ့တာမှာ စွမ်းအင်အပြည့်ဝဆုံးအချိန်ဆိုတာရှိပြီး အဲ့ဒီအချိန်က သူတို့အတွက် Productive အဖြစ်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။

အားအင်တွေ အများကြီးနဲ့ နိုးထလာတတ်တဲ့သူတွေကိုတော့ Morning People လို့ ခေါ်ပါတယ်။ တချို့ကျတော့လည်း မနက်ပိုင်းဆို နုန်းချိသလို အားမရှိသလို အိပ်ငိုက်သလိုနဲ့ ညနေပိုင်းတွေရောက်မှပဲ ပိုပြီးလန်းဆန်းလာတတ်တဲ့ Night Owls တွေ ဖြစ်ကြပါတယ်။

ကျောင်းသားတစ်ယောက်ချင်းစီမှာ သူတို့ကိုယ်ပိုင် စာကျက်တဲ့စတိုင်တွေ ရှိကြသလိုပဲ တစ်နေ့တာရဲ့ မတူညီတဲ့အချိန်မှာ ပုံမှန်ထက်ပိုပြီး စာလုပ်နိုင်ကြပါတယ်။

တချို့ကျောင်းသားတွေအတွက် မနက်ပိုင်းအချိန်တွေမှာ ကျောင်းစာထဲ အာရုံစူးစိုက်ရတာ ပိုလွယ်ကူသလို တချို့ကျပြန်တော့လည်း ညဘက်မှာ စာလုပ်ရတာ သူတို့အတွက် ပိုကောင်းတာကို တွေ့ရပါတယ်။

 

နေ့ဘက်စာလုပ်သူ

မနက်ပိုင်းမှာ အားအင်ပိုရှိတဲ့ကျောင်းသားတွေက သူတို့ရဲ့ဦးနှောက် မနက်ပိုင်းမှာ ပိုအာရုံစူးစိုက်နိုင်လို့  မနက်ပိုင်းမှာပဲ စာလုပ်ဖို့အသင့်တော်ဆုံး ဖြစ်ပါတယ်။ သူတို့တွေက တစ်ညတာလုံး ကောင်းကောင်းမွန်မွန်အိပ်ထားတဲ့အတွက် စိတ်ကလည်း လန်းဆန်းနေမှာပါ။ 

ဒီစွမ်းအင်တွေက သူတို့ကျက်မှတ်နေတာတွေထဲကို အာရုံစူးစိုက်ဖို့ ပိုမိုလွယ်ကူစေပြီး မှတ်သားစရာတွေကိုလည်း ပိုမိုထိရောက်စွာ မှတ်ယူနိုင်စွမ်းရှိစေပါတယ်။

 

နေ့ဘက်မှာစာလုပ်ခြင်း၏ အကျိုးကျေးဇူးများ

• ဦးနှောက်က ကောင်းမွန်စွာ အိပ်စက်ထားခြင်းကြောင့် လန်းဆန်းနေပြီး မှတ်သားစရာများကို ပိုမိုမှတ်ယူနိုင်ခြင်း
• သဘာဝအလင်းရောင်က မျက်လုံးအတွက်ကောင်းပြီး သင့်ကို နိုးနိုးကြားကြား ရှိစေခြင်း
• ပုံမှန်အိပ်ချိန်ကို အနှောင့်အယှက်မဖြစ်ခြင်း
• အတန်းဖော်သူငယ်ချင်းတွေနဲ့ စာကျက်ဝိုင်း (စာတူတူစုကျက်ခြင်း) လုပ်ဖို့ ပိုမိုလွယ်ကူခြင်း

 

ညဘက်စာလုပ်သူ

တစ်နေ့တာရဲ့ နှောင်းပိုင်းအချိန်တွေမှာ ပိုပြီးအားအင်ရှိတဲ့ ကျောင်းသားတွေအနေနဲ့ ညနေ ဒါမှမဟုတ် ညဘက်တွေမှာ စာလုပ်တာက ပိုထိရောက်မှုရှိစေပါတယ်။ အနှောင့်အယှက်နည်းပါးပြီး တိတ်ဆိတ်ငြိမ်းချမ်းနေတဲ့အတွက် ညဘက်မှာစာလုပ်ခြင်းက ကျောင်းသားတစ်ယောက်ရဲ့ စိတ်ပါဝင်စားမှုနဲ့ အာရုံစူးစိုက်နိုင်မှုအားကို တိုးတက်လာစေပါတယ်။

သင်က ညနေ ဒါမှမဟုတ် ညဘက်စာလုပ်သူဆိုရင်တော့ သတိထားရမှာက အိပ်ချိန်ကနေတော့ စာကျက်ချိန်ကို ဖဲ့မပေးပါနဲ့။ လူတွေက တစ်ညကို ပျှမ်းမျှ ၈-၉ နာရီလောက် အိပ်ဖို့ လိုအပ်ပါတယ်။

တကယ်လို့ အိမ်စာ ဒါမှမဟုတ် စာလုပ်ချိန်က အိပ်ချိန်ကို နောက်ကျစေတယ်တယ်ဆိုရင် နည်းနည်းစောစောလေး ပုံမှန်အိပ်ရာဝင်တတ်တဲ့ အကျင့်ရှိလာအောင် လုပ်ပေးတာ ပိုကောင်းပါတယ်။

 

ညနေ/ညဘက် စာလုပ်ခြင်း၏ အကျိုးကျေးဇူးများ

• တိတ်ဆိတ်ငြိမ်းချမ်းမှု ပိုမိုရရှိခြင်း
• အနှောင့်အယှက် ပိုမိုနည်းပါးခြင်း
• တီထွင်ကြံဆခြင်း (Creative thinking) အတွက် ပိုမိုကြည်လင်သော စိတ်ရှိခြင်း
• စာလုပ်ပြီးအိပ်စက်ခြင်းအားဖြင့် ကျက်မှတ်ထားသောစာများကို တစ်စုတစ်စည်းတည်းဖြစ်စေပြီး ပြန်လည်မှတ်မိနိုင်စွမ်း မြင့်တက်လာခြင်း

 

ဒါကြောင့် သင့်အတွက် စာလုပ်ဖို့ အကောင်းဆုံးအချိန်ကို သိအောင် အရင်လုပ်ပြီး စာကျက်နိုင်စွမ်းကို မြှင့်တင်နိုင်ပါတယ်။ 

 

Knowledge Latest Post Read 476 times