Sales Hotline : 09448001653       Download App



မြန်မာရွှေ့ပြောင်းကလေးများကို ထိုင်းတွင် ပညာသင်ခွင့်ပေးရန် ထိုင်းအစိုးရက ထပ်မံသတိပေး

ထိုင်းနိုင်ငံသားမဟုတ်သည့် အထောက်အထားမဲ့ ရွှေ့ပြောင်းကလေးငယ်များ ထိုင်းနိုင်ငံတွင် ပညာသင်ကြားလိုသည့်အခါ သက်ဆိုင်ရာနယ်မြေရှိ ပညာရေးအဖွဲ့အစည်းများ၊ ကျောင်းများ၊ တက္ကသိုလ်များမှ ကျောင်းအပ်လက်ခံရမည်ဟု Ministry of Education (MOE) ထိုင်းပညာရေးဝန်ကြီးဌာနမှ စာထုတ်ပြန်ထားပါသည်။  

 

လာမည့်စာသင်နှစ်များအတွက် မြန်မာကလေးငယ်များအပါအဝင် ရွှေ့ပြောင်းကလေးများအားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေကျောင်းများ၏ ကျောင်းအုပ်များက ရွှေ့ပြောင်းကလေးငယ်များကို ကျောင်းအပ်လက်ခံပေးကြရန် ထိုင်းအစိုးရမှ ထပ်မံသတိပေးသည့်အနေဖြင့် စာထုတ်ပြန်ခြင်းဖြစ်ပါသည်။  

 

ယခင် ၂၀၀၅ ခုနှစ် ဘုရင်ထုတ်ပြန်ချက်ကတည်းက နိုင်ငံသားမရွေး၊ လူမျိုးမရွေး ထိုင်းရောက် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရမည်ဟု တရားဝင်ကြေညာထားသဖြင့် ထိုင်းကျောင်းများအားလုံးတွင် ရွှေ့ပြောင်းကလေးငယ်များ ပညာသင်ကြားခွင့်ရှိပါသည်။ 

 

သို့သော်လည်း သက်ဆိုင်ရာ နယ်မြေကျောင်းအုပ်ကြီးများနှင့် ကျောင်းသားမိဘများသည် ကျောင်းအပ်လုပ်ငန်းစဉ်များကို ကောင်းစွာ နားလည်သဘောပေါက်မှု မရှိသဖြင့် ရွှေ့ပြောင်းကလေးငယ်များ ကျောင်းအပ်နှံရာတွင် အခက်အခဲ လိုအပ်ချက်များစွာ ကြုံတွေ့နေရဆဲဖြစ်ပါသည်။ 

 

အကယ်၍ ရွှေ့ပြောင်းကလေးများ ထိုင်းမွေးစာရင်းမရှိဘဲ အထောက်အထားမရှိဖြစ်နေပါက နယ်မြေအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ လက်မှတ်များ ရယူကာ ထိုင်းကျောင်းများတွင် ကျောင်းအပ်နှံနိုင်ကြောင်း သိရပါသည်။ ထို့ကြောင့် ထိုင်းရောက် မြန်မာမိဘများအနေဖြင့် မိမိကလေးငယ်များကို ပညာသင်ကြားခွင့် ရရှိစေရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကို နားလည်သိရှိအောင် ကြိုးစားပေးသင့်ပါသည်။

 

ထိုင်းနိုင်ငံတဝန်းတွင် ပညာသင်ကြားနေသော ရွှေ့ပြောင်းကလေးငယ် အရေအတွက် ၄ သိန်းခန့် ရှိနိုင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ 

 

Source - Dawei Watch, VOA

Latest Post Local News Read 258 times