Sales Hotline : 09448001653       Download App



ဆေးရုံတက်နေရသော ကျောင်းသား/သူများအတွက် ဆေးရုံစာဖြေဌာန (၄) ခုဖွင့်လှစ်

တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်နေသော ကျောင်းသား/သူများအတွက် ရန်ကုန်တွင် ဆေးရုံစာဖြေဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ ဆေးရုံတတ်ရောက် ကုသနေရသည့် ကျောင်းသား/သူများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံစာဖြေဌာန (၄) ခု ဖွင့်လှစ်ထားမည်ဖြစ်သည်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့တွင် စာစစ်ဌာနဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဆေးကုသမှုခံယူနေသည့် ကျောင်းသာကျောင်းသူများအနေဖြင့် ယင်းဆေးရုံတို့၏ လူမှုဆက်ဆံရေးဌာနဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်သစ် သင်ရိုးသစ်၏ ပထမဆုံး စာမေးပွဲဖြစ်ပြီး မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ 

 

မတ်လ (၁၁) ရက်တွင် မြန်မာစာ၊ မတ်လ (၁၂) ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ (၁၃) ရက်တွင် သင်္ချာ၊ မတ်လ (၁၄) ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို (၆) ဘာသာလုံး နားရက်မရှိ ဆက်တိုက် ဖြေဆိုရမည်ဖြစ်ပြီး မတ်လ(၁၇ ) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေးသိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည်။

 

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် ၎င်းတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို ဖေဖော်ဝါရီလ (၂၇) ရက်မှ စတင်ထုတ်ပေးလျက်ရှိပါသည်။ 

 

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ ဘောဂဗေဒ ဘာသာရပ်တို့တွင် Non- Programmable Scientific Calculator ကို အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်သည်။  

 

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးထားသည်။ 
 

Latest Post Local News Read 250 times