Sales Hotline : 09448001653       Download App



ရေဆင်းတက္ကသိုလ် ဝင်ခွင့်များ စက်တင်ဘာလ (၈) ရက်နေ့ နောက်ဆုံးထား လက်ခံမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့် လျှောက်လွှာများကို ဇူလိုင်လကထဲက စတင် ခေါ်ယူနေပြီး စက်တင်ဘာလ (၈) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.)၊ (၅)နှစ် သင်တန်းအတွက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ လျှောက်ထားနိုင်မည် ဖြစ်သည်။

 

လျှောက်ထားသူသည်…

  • ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသား ဖြစ်ရမည်။ 
  • ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရမည်။
  • ကွင်းလက်တွေ့လုပ်ငန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် ပါဝင် လေ့ကျင့် လုပ်ဆောင်ကြရမည် ဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင် ဆောင်ရွက်နိုင်သည့် ကျန်းမာရေး (က) အဆင့်ရှိသူနှင့် စိတ်ပါဝင်စားသူ ဖြစ်ရမည်။
  • တက္ကသိုလ်မှ ချမှတ်သော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်အတွက် အမျိုးသားဦးရေ (၅၀%) နှင့် အမျိုးသမီးဦးရေ (၅၀%) လက်ခံသွားမည် ဖြစ်ကာ စုစုပေါင်း ကျောင်းသားကျောင်းသူ (၃၀၀) ဦး လက်ခံမည် ဖြစ်ကြောင်း သိရသည်။ 

 

Semester I (ပထမနှစ်) ဝင်ခွင့်လျှောက်လွှာကို မိမိအစီအစဉ်ဖြင့် (A4-Size) ကွန်ပျူတာရိုက်၍ လျှောက် ထားနိုင်သကဲ့သို့  www.yau.edu.mm/event  တွင်လည်း ဝင်ခွင့်လျှောက်လွှာပုံစံကို ရယူနိုင်သည်။ 

 

Advertisement

Click Here > Rhino

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့် လျှောက်ထားလိုသူများအနေဖြင့် ဝင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများကို တစ်ပါထဲ ပူးတွဲ တင်ပြရမည်။

  • တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) ( ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်။ )
  • အမှတ်စာရင်း (မိတ္တူ) ( ကျောင်းအပ်နှံချိန်တွင် မူရင်းတင်ပြရမည်။ )
  • သက်ဆိုင်ရာ ကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ) (ဃ) လိုင်စင်ဓါတ်ပုံ (၃) ပုံ ( ကျောင်းအပ်ချိန်တွင် ပေးအပ်ရန် )
  • အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (မူရင်း) (သို့) သက်ဆိုင်ရာ ရဲစခန်းထောက်ခံချက် (မူရင်း) တို့ကို ( ကျောင်းအပ်ချိန်တွင် ပေးအပ်ရန် )

 

လျှောက်လွှာကို အထက်ပါ အထောက်အထားများနှင့်အတူ စက်တင်ဘာလ (၈) ရက်နေ့ (သောကြာနေ့) နောက်ဆုံးထား၍ ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့) Email လိပ်စာ [email protected] သို့ Scan ဖတ်၍ ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။ 

 

အသေးစိတ် စုံစမ်း မေးမြန်းလိုပါက ဆက်သွယ်ရန်

  • လိပ်စာ - ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်
  • ဖုန်း - ၀၆၇ ၃၄၁၆၅၁၂၊ ၀၉ ၈၉၄၄ ၁၅၇၉၀ 

 

အချက်အလက်များ မှန်ကန်မှု မရှိပါက ထည့်သွင်း စဉ်းစားမည် မဟုတ်သဖြင့် ရွေးချယ်ခြင်း မခံရပါက အခြားတက္ကသိုလ်များသို့ အချိန်မီ တက်ရောက်နိုင်ရေး လျှောက်ထားမှု ပြုလုပ်ထားရန် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်းကို ကျောင်းဖွင့်ချိန်နှင့်အတူ အချိန်မီ အသိပေး ကြေညာသွားမည် ဖြစ်ပြီး www.yau.edu.mm/event  တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Government School Latest Post Local News Read 1228 times