တရုတ်ကျောင်းသားများကြောင့် ထိုင်းပုဂ္ဂလိကကျောင်း ရှယ်ယာဈေးနှုန်း (၂၁၆) ရာခိုင်နှုန်းထိ မြင့်တက်

မွေးရပ်ဇာတိနိုင်ငံမှ ထွက်ခွာလာသည့် ချမ်းသာသော တရုတ်နိုင်ငံသားများ တိုးပွားလာခြင်းသည် ထိုင်းနိုင်ငံ၏ တစ်ခုတည်းသော စတော့အိပ်ချိန်းစာရင်းဝင် စာသင်ကျောင်းလုပ်ငန်း SISB Pcl အတွက် အကျိုးအမြတ်များ ရရှိစေပြီး ကျောင်းလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်ကို သန်းကြွယ်သူဌေးတစ်ဦးအဖြစ်သို့ ရောက်ရှိစေခဲ့သည်။


မူလက Singapore International School of Bangkok ဟုခေါ်သော SISB Pcl ကို တက်ရောက်သည့် တရုတ်ကျောင်းသားများ ဦးရေ မြင့်တက်လာပြီး မတ်လတွင် စာရင်းသွင်းသူဦးရေသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆပိုများခဲ့သည်။ ထိုအချက်က ကျောင်း၏ စတော့ရှယ်ယာဈေးနှုန်းကို ပြီးခဲ့သည့် ၁၂ လတာအတွင်း ၂၁၆% မြင့်တက်စေခဲ့သည်။

SISB အမှုဆောင်အရာရှိချုပ် Kelvin Koh တွင် ရှယ်ယာ ၃၂% ခန့်ရှိပြီး စတော့စျေးနှုန်းများ တက်လာခြင်းကြောင့် ၎င်း၏တန်ဖိုးသည် ဒေါ်လာ သန်း ၃၀၀ ခန့်အထိ မြင့်တက်လာသည်။ သန်းကြွယ်သူဌေးတစ်ဦးအဖြစ်သို့ ရောက်ရှိသွားသည်။

ထိုင်းနိုင်ငံသည် တရုတ်ပြည်နှင့် ပထဝီဝင်အနေအထားအရ နီးကပ်မှုရှိပြီး စင်ကာပူကဲ့သို့သော အခြားနေရာများနှင့် နှိုင်းယှဉ်ပါက နေထိုင်စရိတ် သက်သာသောကြောင့် ထိုင်းနိုင်ငံသည် တရုတ်မိဘများကြားတွင် ရေပန်းစားသည့်နေရာတစ်ခု ဖြစ်လာကြောင်း Koh က ပြောကြားခဲ့သည်။

 

 

"ကျွန်‌တော်တို့ တွေ့ရတာကတော့ သူတို့က မပျော်မရွှင်ဖြစ်ပြီး စနစ်ကနေ ထွက်ခွာကြတာပါပဲ"ဟု တရုတ်ပြည်မှ ထိုင်းသို့ ရောက်လာကြသည့် ကျောင်းသာအချို့အကြောင်းကို Koh က ပြောပြသည်။ “ကျွန်တော်တို့မှာ စင်ကာပူအမှတ်တံဆိပ် ရှိနေပြီး ဒီမှာရှိတဲ့ ဦးဆောင်သူတွေက အာရှရဲ့ အတွေးအခေါ်တွေ ရှိကြပါတယ်။ ယဉ်ကျေးမှုဓလေ့ကလည်း တရုတ်တွေနဲ့ အရမ်းနီးစပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကြောင့်လည်း ထိုင်းနိုင်ငံထဲကို ဝင်လာတဲ့ ဒီလူတွေကြောင့် အကြီးမားဆုံး အကျိုးခံစားခွင့်တွေ ရကြတဲ့အထဲမှာ ကျွန်တော်တို့ ပါဝင်နေပါတယ်" ဟု ၎င်းက ပြောကြားသည်။

သင်္ချာနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ အထူးပြု စင်ကာပူ သင်ရိုးညွှန်းတမ်းကို သင်ပြပေးသော SISB ၏ ကျောင်း ၄ ခုတွင် ကျောင်းသူကျောင်းသား အရေအတွက်သည် ယခင်နှစ် မတ်လထက် ၂၅% ပိုများခဲ့ပြီး ၃,၂၈၄ ယောက် ရှိသည်။ နိုင်ငံခြားသား ၇၁၅ ယောက် ပါဝင်ပြီး ယင်းတို့တွင် ၆၈% သည် တရုတ်နိုင်ငံသားများ ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ယမန်နှစ်က ကမ္ဘာပေါ်တွင် သန်းကြွယ်သူဌေးဦးရေ အများဆုံး ဆုံးရှုံးခဲ့သည်။ နိုင်ငံတွင်းမှ ရွှေ့ပြောင်းနေထိုင်သည့် သန်းကြွယ်သူဌေး ၁၀,၈၀၀ ဦး ရှိသည်။ ယခုနှစ်အတွင်း နောက်ထပ် ၁၃,၅၀၀ ထွက်ခွာရန် မျှော်လင့်ထားသည်။


ယခင်ဖော်ပြချက်
တရုတ်နိုင်ငံမှ သန်းကြွယ်သူဌေးများ ထွက်ခွာသည့် အရေအတွက် လွန်စွာများပြား
https://www.industrialdirectory.com.mm/article/millionaire-exodus.html


တရုတ်ပြည်တွင် အနောက်တိုင်းကျောင်းပညာရေးစနစ်ကို  တားမြစ်ထားခြင်းကြောင့် သားသမီးများအတွက် နိုင်ငံတကာပညာရေးကို တရုတ်မိဘများ ရှာဖွေနေကြသည်။ တရုတ်နိုင်ငံတွင်းမှ ချမ်းသာကြွယ်ဝသူများ အစုအပြုံလိုက် ထွက်ခွာလာချိန်တွင် တရုတ်ကျောင်းသူကျောင်းသားများ ကျောင်းအပ်သည့် အရေအတွက် တိုးလာသည်။

SISB သည် ပထမသုံးလပတ်တွင် ဘတ် ၁၅၉ သန်း (ဒေါ်လာ ၄.၆ သန်း) အမြတ်ရခဲ့သည်။ ဩဂုတ်လတွင် ကျောင်းခွဲအသစ် နှစ်ခု ဖွင့်လှစ်မည်ဖြစ်ပြီး စုစုပေါင်း အရေအတွက် ခြောက်ခုဖြစ်လာမည်ဖြစ်သည်။ SISB ၏ ၀င်ငွေသည် ကလေး၏ အသက်နှင့် ကျောင်းဝင်းအပေါ်  မူတည်၍ $12,400 မှ $20,800 ဝန်းကျင်အထိ ရှိသော ကျူရှင်ခများမှ အဓိက ရရှိသည်။

Koh သည် စင်ကာပူကုန်သွယ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်စဉ် ၁၉၉၂ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စေလွှတ်ခံရသည်။ စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်သော စင်ကာပူနိုင်ငံသား Koh သည် ၄ နှစ်အကြာတွင် ဘန်ကောက်မှာ ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်သည်။ ဆက်သွယ်ရေးသုံး ကေဘယ်ကြိုးများ၊ ဆက်စပ်ပစ္စည်းများ ရောင်းချသည်။ 

၂၀၀၁ ခုနှစ်တွင် ကျောင်းသားမိဘတစ်စုက ယခုအခါ SISB ဖြစ်လာမည့် ကျောင်းအသစ်တစ်ခု ထူထောင်သည်။ Koh သည် ကျောင်းတွင် ဒေါ်လာ ၅၀,၀၀၀ ခန့် ရင်းနှီးမြုပ်နှံပြီး ၎င်း၏ ကလေးနှစ်ဦးသည် ကျောင်း၏ ပထမအသုတ် ကျောင်းသားများထဲတွင် ပါဝင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အစုရှယ်ယာပိုင်ဆိုင်သော မိဘအချို့က နုတ်ထွက်လိုသောကြောင့် သူ့ကို တာဝန်ယူခိုင်းကြသည်။ “တကယ်တော့ ကျွန်တော် လုံးဝ စိတ်မဝင်စားဘူး။ ကျွန်တော်က ပညာရေး နယ်ပယ်မှာလည်း မလုပ်ဖူးပါဘူး။ ဒါပေမဲ့ 'ဒါကို ခင်ဗျား မယူရင် ဘယ်သူက စင်ကာပူ အမှတ်တံဆိပ်ကို ကိုင်တွယ်ပေးမှာလဲ' လို့ မေးခံရတယ်။ ကျွန်တော် မငြင်းသာတော့ဘူး" ဟု Koh က ပြောပြသည်။


အပြန်အလှန်အားဖြင့် သူသည် ဆုံးဖြတ်ချက်များချရန်အတွက် ဗီတိုအာဏာနှင့် အခြားရှယ်ယာရှင်များထက်  ပိုမိုထိန်းချုပ်ခွင့်အာဏာကို တောင်းဆိုခဲ့သည်ဟု Koh က ပြောပြပါသည်။

International News Latest Post Read 1010 times