ဦးနှောက်မှတ်ဉာဏ်က လူတို့နေ့စဥ်နေထိုင်တဲ့ လူနေမှုဘဝမှာ အရေးအပါဆုံး အရာတွေထဲကတစ်ခုဖြစ်ပါတယ်။ ဦးနှောက်မှတ်ဉာဏ်ထက်ထက်မြက်မြက်ရှိနေဖို့ရာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လူငယ်ကနေ လူကြီးတွေအထိ မိမိရဲ့ ဦးနှောက်မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး အရာရာကို အလွယ်တကူ မှတ်မိနေစေဖို့ သတိထားဆောင်ရွက်နိုင်တဲ့ နည်းလမ်းလေး (၈) ခုကိုမျှဝေပေးလိုက်ပါတယ်။
ဖော်ပြထားတဲ့နည်းလမ်းလေးတွေအတိုင်း ပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင်တော့ သင့်ရဲ့ မှတ်မိနိုင်စွမ်းတွေက တိုးတက်လာမှာ အမှန်ပဲဖြစ်ပါတယ်။
အိပ်ချိန်ပုံမှန်ထားပါ
သင့်ရဲ့ အိပ်ချိန်ကို ပုံမှန်သတ်မှတ်ထားပါ။ တစ်ရက် ၆ နာရီ (သို့) ၈ နာရီအိပ်စက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ် စွမ်းရည်အတွက်ရော ကျန်းမာရေးအတွက်ပါ အသင့်တော်ဆုံး အိပ်ချိန်ပါပဲ။ ကောင်းမွန်စွာအိပ်ပျော် ခြင်းက ဦးနှောက်စွမ်းရည်ကို ပြန်လည်ရရှိစေပြီး မှတ်ဉာဏ်တွေ တစ်စုတစ်စည်းတည်း ဖြစ်လာ စေတယ်လို့ လက်ခံထားကြပါတယ်။
ရနံ့ပြင်းပြင်းကိုရှုရှိုက်ပေးပါ
မွှေးပျံ့သင်းကြိုင်တဲ့ ရနံ့သစ်တွေကိုရှာဖွေပါ။ မနက်ပိုင်းအိပ်ယာထတဲ့အခါ ကော်ဖီမှုန့်လိုမျိုး အနံ့အသက်ပြင်းတဲ့ အရာတစ်ခုခုကို ရှုရှိုက်ပါ။ ရနံ့တွေက လူရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းရည်ကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်ပေါ်စေပြီး အနံ့ခံစားတတ်မှု အားကောင်းလေလေ ဦးနှောက်မှတ်ဉာဏ်ထက်မြက်လေလေပဲဖြစ်ပါတယ်။
လမ်းလျှောက်ပါ
လမ်းလျှောက်ခြင်းကလည်းမှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်ဖို့အတွက်အထောက်အကူပြုပါတယ်။ တစ်ရက်ကို မိနစ် ၂၀ ခန့်လမ်းလျှောက်ပေးမယ်ဆိုရင် မှတ်ဉာဏ်အားကိုပါ ပိုမိုအားကောင်းစေမှာပါ။ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတဲ့အတွက် ကျောင်းသားတွေအနေနဲ့လည်း စာမေးပွဲဖြေဆိုရတဲ့ ရက်မျိုးတွေမှာ အချိန်ပေးပြီး လမ်းလျှောက်သင့်ပါတယ်။ လူကြီးတွေကတော့ မနက်ပိုင်းကို ပုံမှန် လမ်းလျှောက်တဲ့အကျင့်လေး လုပ်ပေးသင့်ပါတယ်။
Advertisement
သီချင်းနားထောင်ပါ
ဆူညံကျယ်လောင်တဲ့ သီချင်းမျိုးမဟုတ်ပဲ Classical သီချင်းများ (ဒါမှမဟုတ်) ကိုယ်နှစ်သက်တဲ့ သီချင်းတွေကို အသံငြိမ့်ညောင်းရုံဖွင့်ပြီး နားဆင်ကြည့်ပါ။ အလုပ်ဘယ်လောက်များများ၊ စာတွေဘယ်လောက်ပုံပုံ သင့်ရဲ့ ဦးနှောက်က ပုံမှန်လေးအလုပ်လုပ်နိုင်ဖို့အတွက် အပန်းဖြေချိန်လည်း ပေးဖို့လိုအပ်ပါသေးတယ်။ သီချင်းနားထောင်ခြင်းက စစ်တမ်းများအရ စိတ်ဖိစီးမှု လျော့ကျစေတဲ့ အပြင် မှတ်ဉာဏ်စွမ်းရည် ပိုမိုကောင်းမွန်လာစေတာကို တွေ့ရှိရပါတယ်။
ဦးနှောက်ကိုအလုပ်ပေးပါ
သင့်ဦးနှောက်ကို ချွေးထွက်အောင်လုပ်ပါ။ စဥ်းစားပါ။တွေးခေါ်ပါ။ ဦးနှောက်ကို အလုပ်ပေးရတဲ့ Chess,Sodoku,Crossword Puzzle စတဲ့ ကစားနည်းတွေကို အချိန်ပေးပြီး ကစားကြည့်ပါ။ ဒါမှမဟုတ် ဘာသာစကားအသစ်တစ်ခုခု သင်ယူလေ့လာတာမျိုးလုပ်ပါ။ အချိန်ကြာ ပိတ်မိနေတဲ့ သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်တွေကို ပြန်လည်ရရှိစေမှာပါ။
နေ့စဥ်ပုံမှန်အစားအသောက်ကို ဂရုစိုက်ပါ
အလွန်အကျွံစားသောက်တာမျိုး မလုပ်ပါနဲ့။ ကျောင်းသားများ အနေနဲ့ အိပ်ရေးပျက်ခံနိုင်အောင် အားဖြည့်အချိုရည် အများအပြားသောက်ခြင်း၊ အိပ်ချင်စိတ်ပျောက်အောင် အချဥ်ထုပ်တွေ အစားများခြင်းက သင့်ရဲ့ လေ့လာနိုင်မှု မှတ်ဉာဏ်စွမ်းရည်ကို လျော့ကျစေပါတယ်။ အစားအစာကို သင့်တင့်မျှတအောင်စားပါ။ မနက်စာ မစားတာမျိုးကို လုံးဝရှောင်ရှားပါ။ ဘလူးဘယ်ရီ၊ ပန်းသီး၊ ငှက်ပျောသီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်ဖြူ၊ မုန်လာဥ စတဲ့ အင်တီအောက်ဆီးဒင့် မြင့်မားတဲ့ အစားအစာတွေကို စားသုံးဖို့ အကြံပြုချင်ပါတယ်။
မနက်ခင်းတိုင်းပြန်စဥ်းစားပေးပါ
သင်မနေ့ကလုပ်ခဲ့တဲ့ အလုပ်တွေ၊ ကျက်ခဲ့တဲ့စာတွေ၊ သွားခဲ့စားခဲ့တဲ့ နေရာ အစားအသောက်တွေ မနက်အိပ်ရာနိုးရင် အလေ့အကျင့်လုပ်ပြီး ပြန်နွှေးကြည့်ပါ။ မနက်ခင်းတစ်ခုအတွက် တစ်နေ့တာလုပ်ဆောင်ရမယ့် တာဝန်၊ ဝတ္တရားအသစ်တွေ မလုပ်ခင် မနေ့က အရာတွေအကုန်လုံးကို ပြန်စဥ်းစား တွေးတောကြည့်ခြင်းကလည်း မှတ်ဉာဏ်ကောင်းမွန်စေဖို့ အရာမှာ အထောက်အကူပြု ပါတယ်။
မှတ်စုရေးတဲ့အကျင့်ကိုလုပ်ကြည့်ပါ
နောက်ဆုံးအနေနဲ့ ကိုယ်ကအရမ်းမေ့တတ်တဲ့သူဆိုရင် ကိုယ်လုပ်ရမယ့် အလုပ်တွေကို မှတ်စုလေးတွေချရေးထားပြီးမှတ်ရေးထားပါ။သင်ကမှတ်မိလွယ်တဲ့လူတစ်ယောက်ဖြစ်စေကာမူ မှတ်ရတာတွေ အရမ်းများလာပြီဆိုရင် ဦးနှောက်ထဲမှာ အစီအစဥ်တကျမှတ်မိဖို့က မလွယ်ကူလှပါဘူး။ ဒါကြောင့် အရေးကြီးကိစ္စတွေ၊အချက်အလက်တွေဆိုရင် မှတ်စုလေးနဲ့ ချရေးထားပြီးမှ ဦးနှောက်နဲ့ပြန်မှတ် စေချင်ပါတယ်။