တရုတ်တွင် AI အခြေပြုကျောင်း (၁၈၄) ကျောင်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်

 

AI ပညာရေးကို အရှိန်မြှင်တင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၏ ပညာရေးဝန်ကြီးဌာန (MOE) သည် နိုင်ငံတစ်ဝှမ်းတွင် (AI) ပညာရေးကို အခြေခံထားသည့် မူလတန်းနှင့် အလယ်တန်းကျောင်း (၁၈၄) ကျောင်းရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါကျောင်းများသည် တရုတ်နိုင်ငံ မြောက်ပိုင်း Beijing၊ Tianjin၊ တရုတ်နိုင်ငံ အရှေ့ပိုင်း Shanghai၊ Shandong နှင့် Jiangsu ပြည်နယ်များ၊ တရုတ်နိုင်ငံ တောင်ပိုင်း Guangdong ပြည်နယ်တို့ အပါအဝင် တစ်နိုင်ငံလုံးအနှံ့တွင် ရှိကြောင်း သိရပါသည်။ 

 

၂၀၂၃ ခုနှစ် မေလတွင် MOE မှ အခြေခံပညာရေး သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းတွင် သင်ထောက်ကူပစ္စည်းများ အသုံးပြုမှုမြှင့်တင်ရန်နှင့် အဆင့်မြင့်သိပ္ပံနှင့် AI ပညာရေးကို အဓိကထားသည့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းကျောင်းများကို ရွေးချယ်ရန်ဖြစ်ပါသည်။ 

 

အချို့ကျောင်းများသည် AI နည်းပညာ၏ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လွန်ခဲ့သည့်နှစ်မှစ၍ ကျောင်းသားများအား AI နှင့်ပတ်သက်သည့် အခြေခံသဘောတရားများကို နားလည်စေရန်၊ AI အသုံးပြုမှုအား အကျွမ်းတဝင်ရှိစေရန်နှင့် AI Algorithms များကို အခြေခံပြီး ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် AI ပညာရေးကို စတင်ခဲ့ပါသည်။ 

 

ဥပမာအနေဖြင့် တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ Wenzhou No 22 Senior Middle School သည် IT ပိုင်းတွင် ရှေ့တန်းမှာ အမြဲရောက်နေသည့်ကျောင်းဖြစ်ပါသည်။ ထိုကျောင်းမှ လက်ထောက်ကျောင်းအုပ်ကြီး Ding Die သည် Global Times သို့ " ငါတို့ကျောင်းက AI ပညာရေးကို စတင်လုပ်ဆောင်ခဲ့တာ ငါးနှစ်နီးပါးရှိပြီ" ဟု ပြောကြားခဲ့သည်။

 

ကျောင်းတွင် AI နှင့် ဆက်စပ်သည့် သင်ခန်းစာများကို သင်ကြားပို့ချပေးပြီး လက်တွေ့အသုံးချမှုများကိုလည်း လုပ်ဆောင်စေပါသည်။ ကျောင်းသားများကိုယ်တိုင် ဒီဇိုင်းဖန်တီးနိုင်ရန်နှင့် ဆရာ/ဆရာမများအနေဖြင့် လက်တွေ့သင်ကြားနိုင်ရန်အတွက် 3D ပရင်တာများ၊ လေဆာ ထွင်းထုစက်များ၊ အဆင့်မြင့် ကွန်ပျူတာများနှင့် အခြား နည်းပညာကိရိယာတို့ကို လက်တွေ့ခန်းတွင် တပ်ဆင်ထားကြောင်း Ding ၏ ပြောကြားချက်အရ သိရသည်။

 

AI ပညာရေးကို အကောင်အထည်ဖော်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် မူလတန်းနှင့် အလယ်တန်းကျောင်းများသည် သတင်းအချက်အလက်နည်းပညာ၊ အထွေထွေနည်းပညာနှင့် အခြားဆက်စပ်သင်ခန်းစာများကို အဓိကထားသင့်ကြောင်း၊ ပညာရေးနှင့် သင်ကြားရေးအရင်းအမြစ်များ ပိုမိုတိုးမြှင့်သင့်ကြောင်းနှင့် ဆရာအတတ်ပညာအတွက် လေ့ကျင့်ရေးနှင့် လမ်းညွှန်မှုများကို ဆောင်ရွက်သင့်ကြောင်း MOE မှ ထောက်ပြပြောကြားခဲ့သည်။


ထို့အပြင် MOE မှ ကျောင်းများတွင် AI ကျောင်းအခြေပြု သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်း၊ သင်ကြားရေး နည်းစနစ်များ ပြုပြင်ပြောင်းလဲခြင်း၊ ဒစ်ဂျစ်တယ် ပညာရေး အရင်းအမြစ်များ ပူးတွဲတည်ဆောက်ခြင်းနှင့် မျှဝေခြင်း၊ ဆရာ/ဆရာမများအတွက် ဒစ်ဂျစ်တယ်အသိပညာ တိုးတက်စေရန် ထရိန်နင်ပေးခြင်း၊ ကျောင်းသားများ၏ ဘက်စုံဖွံ့ဖြိုးမှုကို ပျိုးထောင်ခြင်းတို့ကို လုပ်ဆောင်ရန် တွန်းအားပေးခဲ့ပြီး ခိုင်မာသော လမ်းညွှန်ချက်များနှင့်အတူ ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

Source - Global Times 

 

International News Latest Post Read 286 times