Sales Hotline : 09448001653       Download App



ကားမတော်တဆမှုတွင် မိသားစုတစ်စုကို ကယ်တင်ပေးခဲ့တဲ့ UGA ကျောင်းသူများ ဂုဏ်ပြုခံခဲ့ရ

The University of Georgia (UGA) သည် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးကို ကယ်တင်ရန် သူရဲကောင်းဆန်စွာ ရေကန်ထဲခုန်ချခဲ့သော ကျောင်းသူငါးယောက်ကို မတ်လ (၁၉) ရက်၊ အင်္ဂါနေ့တွင် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ပါသည်။ 

 

UGA ကျောင်းမှ Jane McArdle, Molly McCollum, Eleanor Cart, Clarke Jones နဲ့ Kaitlyn Iannace အမည်ရှိ ပထမနှစ်ကျောင်းသူငါးယောက်သည် စိန့်ပက်ထရစ်နေ့ (အိုင်ယာလန်လူမျိုးတို့၏ အမျိုးသားနေ့) ကျောင်းပိတ်ရက်မှာ Savannah မြို့သို့ ကားဖြင့် အလည်သွားနေစဉ် လမ်းမှာ လမ်းချော်ပြီး ရေကန်ထဲ တစ်ဝက်ထိနစ်မြှပ်နေသော အဖြူရောင်ကားတစ်စီးကို မြင်တွေ့ခဲ့ရပါသည်။  

 

 

ဖြစ်စဉ်အား မြင်မြင်ချင်း ကားကို ရပ်ပြီး အဆိုပါကျောင်းသူငါးယောက်ထဲမှ နှစ်ယောက်သည် မဆိုင်းမတွဘဲ ရေကန်ထဲ ခုန်ဆင်းကာ ထိုကားထဲမှာ ပိတ်မိနေသည့် မိခင်ဖြစ်သူနှင့်တကွ အသက် ၈ နှစ်နှင့် ၄ နှစ်အရွယ် ကလေးငယ်နှစ်ဦးကိုပါ ဆွဲထုတ်ကယ်တင်ပေးခဲ့ပါသည်။ ကျန်ကျောင်းသူသုံးယောက်မှာ 911 သို့ ဖုန်းဆက်ခေါ်၍ အရေးပေါ် ကယ်ဆယ်ရေးသမားများနှင့် ဆက်သွယ်ပြီး အကူအညီတောင်းခဲ့ကြပါသည်။ 

 

Molly McCollum သည် "ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေ ရေမြုပ်နေတဲ့ ကားနားမှာ ရပ်ပြီး ရေဝင်နေလို့ ကျပ်နေတဲ့ တံခါးကို ခက်ခက်ခဲခဲ ကြိုးစားဖွင့်ခဲ့ရတယ်လို့" ဆိုပါသည်။ 

 

ထိုကျောင်းသူငါးယောက်ထဲမှ Clarke Jones သည် ယခင်က အသက်ကယ်သင်တန်းတက်ခဲ့ဖူးသဖြင့် ရေမွန်းပြီး သတိလစ်သွားသည့် လေးနှစ်အရွယ် အငယ်ဆုံးကလေးကို CPR လုပ်ဆောင်ပြီး ကယ်တင်ပေးခဲ့ပါသည်။ "ငါတို့အားလုံး အချိန်မှန် နေရာမှန်မှာ ရှိနေခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်" ဟု Clarke က ပြောပါသည်။

 

 

"ဒီသူရဲကောင်းဆန်တဲ့ ကျောင်းသားတွေရဲ့ စံပြရဲစွမ်းသတ္တိနဲ့ အဖွဲ့လိုက်လုပ်ဆောင်ခြင်းအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်၊ သူတို့က UGA တက္ကသိုလ်ရဲ့ စံပြကျောင်းသားတွေပါပဲ " ဟု UGA တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌ Jere W. Morehead က ပြောကြားခဲ့သည်။ 

 

သက်ဆိုင်ရာနယ်‌မြေအရာရှိနှင့် ရဲဌာနမှ ထုတ်ပြန်ချက်တွင်လည်း ထိုကျောင်းသားများကို အထူးကျေးဇူးတင်ကြောင်းနှင့် ကျောင်းသားများ၏ ကိုယ်ကျိုးမဖက်သော ရဲစွမ်းသတ္တိအတွက်လည်း ချီးကျူးခဲ့ကြပါသည်။

 

International News Latest Post Read 254 times