မြန်မာနိုင်ငံရှိ Pre-schools များနှင့် ပတ်သက်ပြီး သိထားသင့်သည့် အချက်အလက်များ

 

မြန်မာနိုင်ငံမှာ ကလေးငယ်လေးတွေရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှူပြီး နိုင်ငံတကာအဆင့်မီသင်ရိုးတွေနဲ့ သင်ကြားပေးနေတဲ့ Pre-school တွေ များစွာရှိနေပါပြီ။ ရန်ကုန်မှာဆိုရင် Pre-school (၅၀၀) ကျော်ရှိပြီး မန္တလေးမှာဆိုရင်တော့ (၂၀၀) ကျော်ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် Pre-school ပေါင်း (၄,၇၀၀) ကျော်ရှိပါတယ်။ 

 

ဒါကြောင့် မြန်မာနိုင်ငံရှိ Pre-schools ကျောင်းတွေရဲ့ လည်ပတ်ပုံနဲ့ အသုံးပြုများတဲ့ သင်ကြားရေးစနစ်တွေကို သိရှိနားလည်စေဖို့ မျှဝေပေးချင်ပါတယ်။  

 

၁။ Pre-school ဆိုတာဘာလဲ

Pre-school ဆိုတာ ကလေးငယ်လေးတွေရဲ့ သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း၊ ပေါင်းသင်းဆက်ဆံနိုင်စွမ်း၊ လွတ်လပ်စွာတွေးခေါ်နိုင်စွမ်း၊ စူးစမ်းရှာဖွေနိုင်စွမ်း စသဖြင့် ဘက်စုံဖွံ့ဖြိုးမှုကို ဗဟိုပြုပြီး ပြုစုပျိုးထောင်ပေးတဲ့ ကျောင်းဖြစ်ပါတယ်။  

Pre-school မှာ များသောအားဖြင့် အသက် ၂ နှစ်ကနေ ၆ နှစ်အတွင်း ကလေးတွေ တက်ရောက်လို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ မိဘအများစုက ကလေးတွေကို အသက် (၃) နှစ်အရွယ်မှ စပြီး Pre-school ကျောင်းတွေ ပို့လေ့ရှိပါတယ်။ အဲ့ဒါပြီးရင်တော့ ကလေးတွေဟာ Kindergarten (KG) ကို စတက်ကြရပါတယ်။

 

၂။ Pre-school အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ

Pre-school ကျောင်းတွေကို အမျိုးအစားအနေနဲ့ အကြမ်းဖျင်း International Pre-school , Private Pre-school နဲ့ Government Pre-school ဆိုပြီး အမျိုးအစား (၃) မျိုးခွဲခြားနိုင်ပါတယ်။

 

၃။ Pre-school ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေကို ဘယ်လိုခွဲထားလဲ

Pre-school ကျောင်းတွေမှာ များသောအားဖြင့် သင်ရိုးညွှန်းတမ်းတွေကို US Curriculum, UK Curriculum, Singapore Curriculum နဲ့ Burmese Curriculum ဆိုပြီးတော့ ခွဲခြားထားပါတယ်။ ဘာသာစကားအနေနဲ့ ကျောင်းအများစုကတော့ မြန်မာဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုပြီး သင်ကြတာများပါတယ်။ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာစကား (၃) မျိုးလုံးကို သုံးပြီး သင်ကြတဲ့ International Pre-school တွေလည်း မြန်မာမှာတွေ့ရပါတယ်။ 

 

၄။ Pre-school ကျောင်းမှာ အဆင့်ဘယ်နှစ်ဆင့်ရှိလဲ

Pre-school တစ်ကျောင်းနဲ့ တစ်ကျောင်း သင်ရိုးချင်းမတူနိုင်တဲ့အတွက်ကြောင့် တစ်ဆင့်ပြီးတစ်ဆင့် တက်ရတဲ့ Level တွေလည်း မတူနိုင်ပါဘူး။ ပုံမှန်အားဖြင့် Pre-school ကျောင်းတွေမှာ အောက်ဖော်ပြပါအတိုင်း သားသားမီးမီးတို့ အသက်အရွက်နဲ့ ကိုက်ညီမယ့် အတန်း Level တွေကို သတ်မှတ်ထားပါတယ်။

  • Pre-Nursery (2-3 years)
  • Nursery (3-4 years)
  • Pre-KG (4-5 years)

 

၅။ Pre-school ကျောင်းမှာ ဘာတွေ သင်ပေးလဲ

Pre-school ကျောင်းတွေမှာ အဓိကအားဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတို့အတွက် ကွန်ပျူတာဘာသာရပ်၊ အနုပညာဘာသာရပ်နဲ့ အားကစားတွေကိုလည်း သင်ကြားပေးပါတယ်။

 

၆။ Pre-school မှာ ဘယ်လို Teaching Method မျိုးသုံးလဲ

မြန်မာနိုင်ငံမှာရှိတဲ့ Pre-schools အများစုက ကလေးတွေကို Approach လုပ်ဖို့ Child-Centered-Approach, Reggio - Emilia Approach (Italy), Montessori Approach (Italy), Waldorf Teaching နဲ့ Emergent Teaching တို့ကို သုံးပြီး သင်ကြားပေးလျက်ရှိပါတယ်။ 

Child Centered Approach - ကလေးတွေကို အလွတ်ကျက်မှတ်ခိုင်းတာထက် သဘောတရားကို နားလည်အောင် ဆရာနဲ့ ကလေး ဆွေးနွေးတိုင်ပင်တဲ့ သင်ကြားရေးအသွင်ကို ဆိုလိုပါတယ်။ 

Reggio - Emilia Approach (Italy) - ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာဝတ္ထုတွေနဲ့ သဘာဝပစ္စည်းတွေကို ကလေးတွေ ထင်မြင်ချက်အတိုင်း အသေးစိတ်နားလည်ပြီး ခံစားနိုင်စွမ်းရှိအောင် ပုံသွင်းသင်ကြားပေးတဲ့ပုံစံပါ။ 

Montessori Approach (Italy) - ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးပြီး ကလေးတွေရဲ့ တိုးတက်မှုအလိုက်၊ စိတ်ဝင်စားမှုအလိုက် လွပ်လပ်စွာသင်ကြားပေးတဲ့စနစ်ကို ခေါ်ပါတယ်။ 

Waldorf Teaching Approach - ကလေးတစ်ယောက်ရဲ့ အသိဉာဏ်၊ အပြုအမူ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်ပေါ်မူတည်ပြီး ချဉ်းကပ်သင်ကြားပေးတဲ့ နည်းစနစ်ဖြစ်ပါတယ်။

Emergent Teaching Approach - ကလေးတွေရဲ့ စိတ်ဝင်စားမှု၊ လိုအပ်ချက်နဲ့ ကျွမ်းကျင်မှုတို့ကို အခြေခံပြီး သင်ယူမှုအတွေ့အကြုံတွေကို ဖန်တီးပေးတဲ့ သင်ကြားရေးစနစ်ပါ။ 


၆။ Pre-school ကောင်းတစ်ခုဖြစ်ဖို့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကဘာလဲ

မြန်မာနိုင်ငံမှာ မိဘတိုင်းက ကလေးတွေရဲ့ အစောဆုံးပညာရေးဖြစ်တဲ့ Pre-school ကျောင်းကို ရွေးချယ်တဲ့အခါမှာ အရွေးမမှားဖို့ အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ 

  • ကျောင်းရဲ့ သင်ရိုးနဲ့ သင်ကြားနည်းစနစ်
  • ဆရာ/ဆရာမတွေရဲ့ အသင်ပြကောင်းမှုနဲ့ စိတ်ရှည်သည်းခံနိုင်မှု
  • ကျောင်းအရွယ်အစားနဲ့ ဆရာအရေအတွက်
  • ကျောင်းလစဉ်ကြေး
  • ကျောင်းတွင်းသင်ထောက်ကူပစ္စည်းများနဲ့ Facilities စုံလင်မှု
  • ကျောင်းဝန်ဆောင်မှု (ကျောင်းကားအကြို/အပို့၊ ကျောင်းဝတ်စုံ)
  • ကျန်းမားရေးနဲ့ လုံခြုံစိတ်ချရမှု

ဖော်ပြပါအချက်အလက်တွေပေါ်မူတည်ပြီး ကလေးမိဘတွေက Pre-school ရွေးချယ်ကြသလို ကျောင်းဘက်ကလည်း ဒီလိုအပ်ချက်တွေ ပြည့်စုံနေအောင် ဖြည့်ဆည်းထားဖို့လိုပါတယ်။ 

 

Kindergarten Latest Post Read 281 times