လာမယ့် နိုဝင်ဘာလမှာ စတင်ဖွင့်လှစ်မယ့် Polytechnic University (၈) ခု

 

မြန်မာနိုင်ငံမှာ စနစ်သစ် (၁၂) တန်း ဖြေဆိုအောင်မြင်ပြီးထားသူများ နောက်ထပ်ရွေးချယ်လျှောက်ထားလို့ရမယ့် လူသိနည်းနေသေးတဲ့ Polytechnic University အကြောင်း မျှဝေပေးချင်ပါတယ်။ 

 

Polytechnic University (၈) ခု 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်မှာရှိတဲ့ Polytechnic University ကို လာမယ့် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်၊ နိုဝင်ဘာလမှာ နေပြည်တော် အပါအဝင် ဗန်းမော်၊ လားရှိုး၊ ကျိုင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်၊ မြိတ် စတဲ့ မြို့ (၈) မြို့မှာ စတင် ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ 

 

Polytechnic University (PU) ဆိုတာ ဘာလဲ?

Polytechnic University (PU) ဆိုတာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်များ (STEM) နဲ့ အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်တွေကို ဘွဲ့ကြိုသင်တန်းတွေအပြင် ဘွဲ့လွန်သင်တန်းတွေအထိ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားပေးတဲ့အပြင် လက်တွေ့လုပ်ငန်းခွင်နဲ့ ချိတ်ဆက်ပြီး သင်ကြားပို့ချပေးမယ့် တက္ကသိုလ်ဖြစ်ပါတယ်။ 

 

Polytechnic University မှာ သင်ကြားရမယ့် ဘာသာရပ်များ

Polytechnic University (ဗန်းမော်၊ လားရှိုး၊ ကျိုင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်၊ မြိတ်) တို့မှာ မြို့ပြအင်ဂျင်နီယာ (Civil Engineering) ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering) ၊  အီလက်ထရောနစ်အင်ဂျင်နီယာ (Electronic Engineering) ၊ စက်မှုအင်ဂျင်နီယာ (Mechanical Engineering) ၊ ကွန်ပျူတာသိပ္ပံ (Computer Science) နဲ့ ကွန်ပျူတာနည်းပညာ (Computer Technology) စတဲ့ ပညာရပ်တွေ သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ Naypyitaw State Polytechnic University မှာကတော့ အထက်ဖော်ပြပါ ဘာသာရပ်တွေအပြင် Architecture (ဗိသုကာ) ပညာရပ်ကိုပါ သင်ကြားနိုင်ပါတယ်။ 

 

 

Polytechnic University ကို နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတွေ အပြန်အလှန် ပြောင်းရွှေ့တက်ရောက်လို့ ရပါတယ်။ အင်ဂျင်နီယာဘွဲ့သင်တန်းတွေအတွက် နည်းပညာတက္ကသိုလ် (TU) တွေမှာလည်းကောင်း၊ ကွန်ပျူတာဘွဲ့သင်တန်းတွေအတွက် (CU) တွေမှာလည်းကောင်း အပြန်အလှန် တက်ရောက်နိုင်ပါတယ်။ 

 

Polytechnic University ဝင်ခွင့်သတ်မှတ်ချက်

Polytechnic University တွေဟာ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တွေရဲ့ ဘွဲ့သင်တန်းတွေအလိုက် ဝင်ခွင့်သတ်မှတ်ချက်နဲ့ ပေးအပ်မယ့်ဘွဲ့တွေ တူညီပါတယ်။

အင်ဂျင်နီယာ ဘာသာရပ်တွေအတွက် အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄) ဘာသာရမှတ်ပေါင်း (၄၂၀) အမှတ်နှင့် အထက်ရရှိသူဖြစ်ရင် လျှောက်ထားလို့ရပြီး သင်တန်းကာလ (၅) နှစ် တက်ရောက်ရမှာဖြစ်ပါတယ်။ 

ကွန်ပျူတာဘာသာရပ်တွေအတွက် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းအမှတ် (၃၂၀) နှင့် အထက်ရရှိသူဖြစ်ပြီး သင်တန်းကာလ (၄) နှစ်တက်ရောက်ရမှာဖြစ်ပါတယ်။ 

မှတ်ချက် ။      ။ အထက်ဖော်ပြပါ ဝင်ခွင့်အမှတ်တွေက Polytechnic University မိတ်ဆက်ပွဲအခမ်းအနားမှာ ခန့်မှန်းချေ ဖော်ပြထားတဲ့အမှတ်တွေဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ထားသူတွေအနေနဲ့ ကျောင်းလျှောက်တဲ့အခါ တက္ကသိုလ်လမ်းညွှန်မှာ ဖော်ပြထားတဲ့ သတ်မှတ်ချက် အမှတ်တွေအတိုင်းသာ လျှောက်ထားရမှာဖြစ်ပါတယ်။  

 

လျှောက်ထားရမယ့်ပုံစံ

၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် Polytechnic University (ဗန်းမော်၊ လားရှိုး၊ ကျိုင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်၊ မြိတ်) တို့ကို ဦးစားပေး လျှောက်ထားလိုသူတွေအနေနဲ့ တက္ကသိုလ်လမ်းညွှန်မှာ ပါဝင်တဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပါက အဆင့်မြင့်ပညာဦးစီးဌာနမှာ သွားရောက်လျှောက်ထားနိုင်ပါတယ်။ 

 

လျှောက်လွှာစာအိတ်တွင် ဖြည့်စွက်ရမည့်နမူနာပုံစံ - 

(က) အင်ဂျင်နီယာဘွဲ့သင်တန်းအတွက် “Polytechnic University (ဗန်းမော်) (အင်ဂျင်နီယာ)”

(ခ) ကွန်ပျူတာသိပ္ပံနှင့်ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းအတွက် “Polytechnic University(ဗန်းမော်) (ကွန်ပျူတာ)”

မှတ်ချက်။    ။ “Polytechnic University(ဗန်းမော်)” ဟု လျှောက်ထားပါကလည်း ရွေးချယ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ 
 

Polytechnic University နေပြည်တော်ကို ဦးစားပေး လျှောက်ထားလိုသူတွေအနေနဲ့ တက္ကသိုလ်လမ်းညွှန်မှာ ပါဝင်တဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပါက အဆင့်မြင့်ပညာဦးစီးဌာနမှာ သွားရောက်လျှောက်ထားနိုင်ပါတယ်။ 

 

လျှောက်လွှာစာအိတ်တွင် ဖြည့်စွက်ရမည့်နမူနာပုံစံ - 

(က) အင်ဂျင်နီယာနှင့် ဗိသုကာဘွဲ့သင်တန်းများအတွက် "Naypyitaw State Polythenic University (အင်ဂျင်နီယာနှင့် ဗိသုကာ)" 

(ခ) ကွန်ပျူတာသိပ္ပံနှင့်ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းများအတွက် "Naypyitaw State Polythenic University (ကွန်ပျူတာ) 
 
မှတ်ချက်။    ။  "Naypyitaw State Polytechnic University" ဟု လျှောက်ထားပါကလည်း ရွေးချယ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ 

 

 

Written by Myanmar Education Guide 

============================

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News University / College Read 318 times