ဒီဇင်ဘာမှာ ဖြေရမယ့် JLPT အတွက် Online Registration လျှောက်ထားနိုင်ပြီ

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်‌နေ့ ဖြေဆိုရမယ့် JLPT စာမေးပွဲအတွက် Online Registration ကို ဩဂုတ်လ (၁၂) ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း JLPT စာမေးပွဲ ကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ သိရသည်။ 

 

Online မှ လျှောက်လွှာတင်မည့် စာဖြေသူများသည် လျှောက်လွှာမတင်မီ Registration အချက်အလက်များ ဖြည့်သွင်းထားရန် လိုအပ်ပါသည်။ Registration ကို ၁၂.၈.၂၀၂၄ ရက်နေ့ မနက် (၉)နာရီ မှစတင်၍ ပြုလုပ်နိုင်မည်ဖြစ်ပြီး လျှောက်လွှာလက်ခံနေသည့် ကာလတလျှောက်လုံး Registration ပြုလုပ်နိုင်ပါသည်။ 

 

Registration ပြုလုပ်ပြီးပါက Online Form များကို Level N1 အတွက် ဩဂုတ်လ ၁၄၊ ၁၅၊ ၂၆ ရက်တို့တွင်လည်းကောင်း၊ Level N2 အတွက် ဩဂုတ်လ ၁၄၊ ၁၅၊ ၂၆ ရက်တို့တွင်လည်းကောင်း၊ Level N3 အတွက် ဩဂုတ်လ ၁၆၊ ၁၉၊ ၂၇ ရက်တို့တွင်လည်းကောင်း၊ Level N4 အတွက် ဩဂုတ်လ ၂၀၊ ၂၁၊ ၂၈ ရက်တွင် လည်းကောင်း၊ Level N5 အတွက် ဩဂုတ်လ ၂၂၊ ၂၃ ရက်တို့တွင်လည်းကောင်း လျှောက်ထားနိုင်ပါသည်။  

 

ယခင် စာမေးပွဲများတွင် Registration ပြုလုပ်ထားပြီး စာမေးပွဲဖြေဆိုခွင့် ရရှိထားပြီးသူများအနေဖြင့် Registration ပြန်လည်လျှောက်ထားရန် မလိုအပ်ပါ။ အကယ်၍ ယခင်အကောင့်တွင် အချက်အလက်များ မှားယွင်းနေပါက လျှောက်လွှာဖောင် စတင်ရမည့်ရက်မတိုင်ခင်အထိ “အသုံးပြုသူအချက်အလက်” အားနှိပ်၍ ပြန်လည်ပြင်ဆင်နိုင်ပါသည်။ 

 

အမည်စာလုံးပေါင်းနှင့် မွေးသက္ကရာဇ်များအား မှားယွင်းဖြည့်သွင်းမိပါက Online Form တင်ပြီးနောက် သတ်မှတ်ထားသည့် အမှားပြင်ကာလအတွင်း ပြန်လည်ပြင်ဆင်နိုင်ပါသော်လည်း အတည်ပြုမှုရရှိရန် (၃) ရက်တာ ကြာမြင့်မည် ဖြစ်ပါသည်။ သက်သေခံကတ်ပြားနှင့် မတူညီသော အမည်‌၊ မွေးသက္ကရာဇ်များကို ပြင်ဆင်ခွင့် မပြုပါ။ မိမိတို့၏ အမည်များသည် မှတ်ပုံတင်တွင် အမည်နှစ်မျိုးပါရှိနေပါက @ သင်္ကေတခံကာ ထည့်သွင်းရမည် ဖြစ်ပါသည်။ (Eg. PHYU PHYU @ PHYU PHWAY)

 

Registration ပြုလုပ်ရာတွင် ဖြည့်သွင်းခဲ့သော Email၊ Login စကားဝှက်နှင့် အချက်အလက်တို့ကို မေ့လျော့ခြင်းမရှိစေရန် ဂရုပြုရပါမည်။ Registration အတွက် အောက်ပါအချက်များအား ကြိုတင်ပြင်ဆင်ထားရမည်။


(၁) JLPT Online Form မှတ်ပုံတင်လျှောက်ထားသူသည် အသက် (၁၀)နှစ် နှင့်အထက် နိုင်ငံသား    သက်သေခံကတ်ပြား ရှိသူဖြစ်ရမည်။

(၂) လျှောက်ထားသူ၏ ကိုယ်ပိုင် Email အ‌ကောင့် တစ်ခုရှိရမည်။

(၃) လျှောက်ထားသူ၏ ဓါတ်ပုံ (Image File) JPEG or PNG 

(၄) လျှောက်ထားသူ၏ သက်သေခံကတ်ပြား Image File (JPEG or PNG)

(၅)  လျှောက်ထားသူ၏ လက်မှတ် Image File (JPEG or PNG) 

(၆) ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခု။ (N1/N2/N3 အတွက် 50,000 MMK , N4/N5 အတွက် 45,000 MMK)

  • Online Mobile Banking
  • Digital Pay (K Pay, AYA Pay, CB Pay)
  • Ecommerce Registered ပြုလုပ်ထားသော MPU Card
  • Internet Banking (KBZ, CB)

 

JLPT Online Form လျှောက်ထားရန် မှတ်ပုံတင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို အောက်ပါလင့်ခ်တွင် အသေးစိတ် ကြည့်ရှုလေ့လာနိုင်ပါသည်။ 

>> https://shorturl.at/uurso

--------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide
 

Latest Post Local News Read 312 times