နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်အကြို ပရိုဂရမ်တစ်ခုဖြစ်တဲ့ IB Diploma

 

International Baccalaureate (IB) သည် နိုင်ငံတကာ အသိအမှတ်ပြု အဆင့်မြင့်ပညာရေးဆိုင်ရာ ပရိုဂရမ်တစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လအရ (IB) သည် ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းပေါင်း ၅,၈၀၀ ဝန်းကျင်၊ နိုင်ငံပေါင်း ၁၆၀ ကျော်တွင် သင်ကြားပေးလျက်ရှိသည့် အကျော်ကြားဆုံး သင်ရိုးညွှန်းတမ်းများထဲမှ တစ်ခုလည်းဖြစ်သည်။

 

International Baccalaureate (IB) အကြောင်း

(IB) သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ၁၉၆၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် အစိုးရမဟုတ်သော ပညာရေးအဖွဲ့အစည်းဖြစ်သည်။ 

 

IB ပညာရေးစနစ်တွင် Primary Years Programme၊ Middle Years Programme နှင့် Diploma Programme အဖြစ် Level (၃) ခု ခွဲခြားထားပါသည်။ ထို့ကြောင့် မတူညီသော အတန်းအလိုက် အသက် ၃ နှစ်မှ ၁၉ နှစ်ကြား ကျောင်းသားများအတွက် ဒီဇိုင်းရေးဆွဲထားသည့် သင်ရိုးဖြစ်သည်။ 

 

အဆိုပါ ပရိုဂရမ် (၃) ခုထဲမှ အထက်တန်းအောင်မြင်ထားပြီး တက္ကသိုလ်မတက်မီ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်အကြို ပရိုဂရမ် တက်ရောက်လိုသည့် ကျောင်းသားများအတွက် IB ၏ Diploma Programme (DP) အကြောင်း အသေးစိတ် ရှင်းလင်းဖော်ပြပေးသွားပါမည်။

 

Diploma Programme ဆိုသည်မှာ 

(DP) သည် အသက် ၁၆ နှစ်မှ ၁၉ နှစ်ကြား ကျောင်းသားများအတွက် ရည်ရွယ်သော (၂) နှစ်တက်ရောက်ရသည့် တက္ကသိုလ်အကြို ပညာရေး ပရိုဂရမ်တစ်ခုဖြစ်သည်။ ၎င်းသည် ထူးချွန်ထက်မြက်လိုသော၊ ကျယ်ဝန်းနက်နဲသော အသိပညာရှိလိုသော ကျောင်းသားများအတွက် ဉာဏ်ပညာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် သင်ရိုးညွှန်းတမ်းများ ရေးဆွဲထားပါသည်။

 

ထို့ကြောင့် ပြည်ပကျောင်းသားများအနေဖြင့် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရှိနိုင်စေရန် လေ့ကျင့်သင်ကြားပေးသော ပရိုဂရမ်ဖြစ်သည်ဟု ဆိုနိုင်သည်။ 

 

DP တက်ရောက်နိုင်သည့်သူများ 

  • အနည်းဆုံး အသက် (၁၆) နှစ် ပြည့်ပြီးသူများ
  • တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများ 
  • (၁၁) တန်းအောင်မြင်ပြီးသူများ
  • အဆင့်မြင့် နိုင်ငံတကာပညာရေးစနစ်ကို ရွေးချယ်လိုသူများ
  • တက္ကသိုလ်အများအပြားကို ရွေးချယ်ခွင့်ရရှိလိုသူများ

 

DP သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရမည့် ဘာသာရပ်များ 

DP သင်ရိုးညွှန်းတမ်းကို ဘာသာရပ် (၆) ခုနှင့် အဓိကအစိတ်အပိုင်း (၃) ခုဖြင့် ဖွဲ့စည်းထားပါသည်။ Standard Level (SL) ကို မိုင်နာဘာသာရပ်တွေအဖြစ် သတ်မှတ်နိုင်ပြီး၊ Higher Level (HL) ကို မေဂျာဘာသာရပ်တွေအဖြစ် ခေါ်ဆိုနိုင်သည်။

 

HL နှင့် SL ဘာသာရပ်များအား ကျောင်းသားများသည် မိမိတို့၏ အားသာချက်၊ အကျိုးစီးပွားများနှင့် အနာဂတ်ပညာရေး သို့မဟုတ် အသက်မွေးဝမ်းကျောင်းမှု ပန်းတိုင်များအလိုက် ရွေးချယ်သင်ကြားနိုင်ပါသည်။

 

  • HL ဘာသာရပ်များ - ကျောင်းသားများသည် ပုံမှန်အားဖြင့် ၎င်းတို့စိတ်ဝင်စားသော သို့မဟုတ် တက္ကသိုလ်အဆင့်တွင် ဆက်လက်လေ့လာလိုသော ဘာသာရပ်များကို ရွေးချယ်လေ့ရှိသည်။ ဥပမာအားဖြင့် ဆေးပညာကို စိတ်ဝင်စားသော ကျောင်းသားသည် Biology နှင့် Chemistry ကို လေ့လာနိုင်သည်။

 

  • SL ဘာသာရပ်များ - SL ဘာသာရပ်များသည် HL ဘာသာရပ်များကို ဖြည့်စွက်ပြီး သင်ကြားပေးသော မျှတသည့် သင်ရိုးဖြစ်သည်။ ၎င်းတို့သည် ကျောင်းသားများအား အခြားသော အသိပညာနယ်ပယ်များကို စူးစမ်းလေ့လာနိုင်စေလိုရန် ရည်ရွယ်သည်။ 

 

ကျောင်းသားတစ်ဦးသည် ဘာသာရပ် (၆) ခုအနက် HL အဖြစ် အနည်းဆုံးဘာသာရပ် (၃) ခု၊ အများဆုံးဘာသာရပ် (၄) ခုသာ ရွေးချယ်နိုင်ပြီး ကျန်ရှိနေသည့် ဘာသာရပ်များကို SL အဖြစ် သင်ကြားနိုင်သည်။ 

 

DP တွင် တက်ရောက်သော ကျောင်းသားများသည် ရွေးချယ်လိုက်သည့် ဘာသာရပ် (၆) ခုအပြင် ပရိုဂရမ်၏ အဓိက အစိတ်အပိုင်း (၃) ခုဖြစ်ကြသည့် Theory of Knowledge (TOK)၊  Extended Essay (EE) နှင့် Creativity, Activity, Service (CAS) တို့ကိုလည်း လေ့ကျင့်သင်ကြားရပါသည်။ 

 

  • အသိပညာသီအိုရီ (TOK) သည် ကျောင်းသားများအား အသိပညာ သဘောသဘာဝနှင့် ၎င်းတို့ သိရှိထားသည့် အကြောင်းအရာများကို ပြန်လည်သုံးသပ်နိုင်စေရန် လေ့ကျင့်ပေးခြင်းဖြစ်သည်။ ၎င်းသည် ကျောင်းသားများအတွက် ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှုစွမ်းရည်ကို တိုးတက်စေရန် ကူညီပေးသည်။


 

  • Extended Essay (EE) သည် စာလုံး ၄,၀၀၀ ပါသော ကိုယ်တိုင်ရေးသားရသည့် သုတေသနစာတမ်းတစ်ခုဖြစ်သည်။ EE သည် ကျောင်းသားများအား ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားသည့် အကြောင်းအရာကို နက်နက်နဲနဲ စုံစမ်းစစ်ဆေးရန် အခွင့်အရေးပေးထားပြီး တက္ကသိုလ်အဆင့် သုတေသနအတွက် အကောင်းဆုံး ပြင်ဆင်မှုဖြစ်သည်။

 

  • Creativity, Activity, Service (CAS) သည် DP ပရိုဂရမ်တစ်လျှောက်လုံး ကျောင်းသားများအနေဖြင့် ပညာရေးဆိုင်ရာ လေ့လာမှုများနှင့်အတူ လှုပ်ရှားမှုများစွာတွင် ပါဝင်ရသည့် အပိုင်းဖြစ်သည်။ တီထွင်ဖန်တီးမှု၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများနှင့် လူ့ပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ်များ ဆောင်ရွက်စေပြီး ကျောင်းသားများ၏ ကိုယ်ပိုင်အရည်အချင်းသာမက လူအချင်းချင်းဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ မြှင့်တင်ရန် ရည်ရွယ်သည်။

 

DP တွင် ရွေးချယ်နိုင်သည့် ဘာသာရပ်အုပ်စု (၆) ခု

ကျောင်းသားများသည် အောက်ပါဘာသာရပ်အုပ်စု (၆) ခုမှ တစ်ဘာသာစီကို ရွေးချယ်သင်ယူနိုင်သည်။

*အနုပညာဘာသာရပ်အုပ်စုသည် မရွေးချယ်လည်း ရသောကြောင့် ကျန်ရှိနေသည့် ဘာသာရပ်အုပ်စု (၅) ခုမှ ကြိုက်ရာဘာသာရပ်များကို (၆) ဘာသာ ပြည့်အောင် ရွေးချယ်ခွင့်ရှိသည်။*

 

  • ဘာသာစကားနှင့် စာပေဆိုင်ရာလေ့လာမှု (Language and Literature)
  • ဘာသာစကားကျွမ်းကျင်မှု (Language Acquisition)
  • လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းအကြောင်း လေ့လာမှု (Individuals and Societies)
  • သိပ္ပံနည်းကျ စုံစမ်းမေးမြန်းမှုနှင့် အသုံးချမှု (Science)
  • သင်္ချာဗဟုသုတနှင့် ယုတ္တိတွေးခေါ်မှု (Mathematics)
  • အနုပညာဘာသာရပ်များ (The Arts)

 

 

DP ၏ အမှတ်ပေးစနစ်

DP တွင် သင်ကြားရမည့် ဘာသာရပ် (၆) ခုချင်းစီကို အဆင့်သတ်မှတ်ချက် ၁ မှ ၇ အထိ စံနှုန်းသတ်မှတ်ပြီး အမှတ်ပေးပါသည်။ အမှတ်ပေးစနစ်တွင် ဆရာများဆောင်ရွက်သော ကျောင်းတွင်းအကဲဖြတ်မှုများနှင့် စာမေးပွဲများကဲ့သို့သော ပြင်ပအကဲဖြတ်မှုများလည်း ပါဝင်သည်။ 

 

စာမေးပွဲအောင်ရန်အတွက် ကျောင်းသားတစ်ဦးသည် အနည်ဆုံး စုစုပေါင်းအမှတ် ၂၄ မှတ် ရရှိရမည်ဖြစ်ပြီး အများဆုံး စုစုပေါင်းရမှတ် ၄၅ မှတ် ရရှိနိုင်သည်။ အကြောင်းမှာ ဘာသာရပ် ၆ ခုအတွက် အများဆုံးအမှတ် ၇ မှတ်ထိ ပေးသောကြောင့် ၄၂ မှတ် ဖြစ်သည်။


ထို့အပြင် ကျောင်းသားများသည် ၎င်းတို့၏ Extended Essay၊ TOK တို့မှ (၃) မှတ် ထပ်လောင်းရရှိနိုင်သေးသောကြောင့် စုစုပေါင်း အများဆုံးအမှတ်မှာ (၄၅) မှတ် ဖြစ်သည်။ ယေဘုယျအားဖြင့် DP အမှတ် (၃၈) နှင့်အထက် ရရှိလျှင် A* Level ရရှိသည်ဟု ယူဆနိုင်ပြီး ၃၄-၃၇ ကြား အမှတ်ရရှိလျှင် A Level နှင့် ညီမျှသည်။ 

 

ပရိုဂရမ်ကို အမှတ်ကောင်းကောင်းဖြင့် ပြီးမြောက်အောင်မြင်သော ကျောင်းသားများသည် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များမှ ဦးစားပေး ခေါ်ယူခြင်းခံရမည်ဖြစ်ပြီး ပညာသင်ဆုများပါ ရရှိနိုင်ပါသည်။ 

 

DP အောင်လက်မှတ် ရရှိလျှင် တက်ရောက်နိုင်သည့်တက္ကသိုလ်များ 

(DP) ကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြားမှ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများတွင် အသိအမှတ်ပြုထားသည်။ DP တွင် အမှတ်ရလဒ်ကောင်းလျှင် သက်ဆိုင်ရာ တက္ကသိုလ်၏ UFP (University Foundation Program) တက်ရောက်စရာမလိုဘဲ တက္ကသိုလ်ပထမနှစ်ကို တိုက်ရိုက်တက်ရောက်နိုင်သောကြောင့် ဘွဲ့မြန်မြန်ရလိုသော ကျောင်းသားများအတွက် သင့်တော်ပါသည်။ 

 

- US နိုင်ငံရှိ Harvard University, Stanford University, the University of California စသည့် ထိပ်တန်းတက္ကသိုလ်များ၊

- UK နိုင်ငံရှိ Oxford, Cambridge, Imperial College London စသည့် ထိပ်တန်းတက္ကသိုလ်များနှင့်

- Canada နိုင်ငံရှိ  the University of Toronto, University of British Columbia, McGill University စသည့် ထိပ်တန်းတက္ကသိုလ်များအပြင်

- Europe နိုင်ငံများဖြစ်သည့် ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်နှင့် ဆွစ်ဇာလန်ကဲ့သို့သော နိုင်ငံများမှ ထိပ်တန်းတက္ကသိုလ်တို့တွင်လည်း IB DP ကို တန်ဖိုးထားလက်ခံကြသည်။

- ထို့အပြင် Asia နိုင်ငံများဖြစ်သည့် စင်္ကာပူ၊ ဟောင်ကောင်နှင့် ဂျပန်တို့တွင်လည်း လက်ခံပြီး National University of Singapore, University of Hong Kong , Kyoto University စသည့် တက္ကသိုလ်များလည်း တက်ရောက်နိုင်သည်။  

 

အထက်ဖော်ပြပါ နိုင်ငံများတွင်သာမက တခြားသောနိုင်ငံမှ တက္ကသိုလ်များတွင်လည်း IB DP အောင်လက်မှတ်ဖြင့် တက္ကသိုလ်အမြင့်လိုင်းများကို ရွေးချယ်နိုင်သည့် ပညာရေးအခွင့်အလမ်းရှိပါသည်။ 

 

IB Diploma Program ၏ အကျိုးကျေးဇူးများ

  • တစ်ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု - IB DP ကို ​​ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များမှ အသိအမှတ်ပြုထားသောကြောင့် ကျောင်းသားများအား ဝင်ခွင့်လုပ်ငန်းစဉ်တွင် အားသာချက်ဖြစ်စေသည်။ 

 

  • ဘက်စုံဖွံ့ဖြိုးသောပညာရေး - ပရိုဂရမ်သည် ပညာရေးထူးချွန်ရုံသာမက တစ်ကိုယ်ရည်တိုးတက်မှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလေးပေးပါသည်။

 

  • သုတေသနစွမ်းရည် - Extended Essay မှတဆင့် ကျောင်းသားများသည် ခိုင်မာသော သုတေသနနှင့် အရေးအသားစွမ်းရည်များကို ဖွံ့ဖြိုးစေပြီး တက္ကသိုလ် လိုအပ်ချက်များအတွက် ကြိုတင်ပြင်ဆင်ပေးသည်။

 

  • ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း - TOK နှင့် IB တို့၏ စူးစမ်းလေ့လာခြင်းအပေါ် အဓိကထားမှုသည် ကျောင်းသားများအား အားကောင်းသော ခွဲခြမ်းစိတ်ဖြာမှုနှင့် ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည်များ တိုးတက်စေရန် ကူညီပေးပါသည်။

 

  • ယဉ်ကျေးမှုဆိုင်ရာ နားလည်မှု - နိုင်ငံတကာရှိ ကျောင်းသားများ တက်ရောက်လျက်ရှိသည့် IB DP သည် ကျောင်းသားများအား မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် ရှုထောင့်များကို လက်ခံအသိအမှတ်ပြုနိုင်သည့် စိတ်မျိုး ထားနိုင်ရန် ပျိုးထောင်ပေးပါသည်။ 

 

High Latest Post University / College Read 615 times