ပညာရေးဝန်ကြီးဌာနက လေ့လာသင်ယူမှု မဆုံးရှံးစေရေး၊ သင်ကြားမှု အဆက်မပြတ်စေရေးအတွက် ကြိုးပမ်းအားထုတ်ရာမှာ အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ အင်တာနက်ချိတ်ဆက်မှု မရရှိသေးလို့၊ လျှပ်စစ်မီး ရရှိရန် ခက်ခဲလို့ ဒါမှမဟုတ် အွန်လိုင်း မချိတ်ဆက်နိုင်လို့၊ ဆိုရှယ်မီဒီယာ အသုံးမပြုနိုင်လို့ စတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် အခြားသော ဒီဂျစ်တယ် သင်ကြားရေး နည်းလမ်း တစ်ခုဖြစ်တဲ့ DBE Strick ကို စီစဉ်ဖန်တီးထားကြောင်းသိရပါတယ်။
DBE Stick ဆိုတာကတော့ KG+12 စနစ်သစ် သင်ရိုးသစ်တွေ ရဲ့ ဘာသာရပ်အလိုက် ပြဌာန်းစာအုပ်တွေ (Text Books) ၊ ဆရာလမ်းညွှန်တွေ (Teacher Guides) ၊ သင်တန်း လက်စွဲတွေကို PDF ဖိုင်အပြင် သင်ခန်းစာ ဗီဒီယိုကလစ်တွေကို DBE Stick ထဲမှာ ထည့်သွင်းထားပြီး ဖုန်း၊ ကွန်ပျုတာ၊ တက်ဘလက် တွေနဲ့ ချိတ်ဆက်ကြည့်ဖို့အတွက် ဝါယာကြိုး နဲ့ လိုအပ်တဲ့ ကိရိယာ (Adapter နဲ့ OTG Cable) တွေကိုပါ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွက် DBE Stick အချောင်း (၁၅၀) ပံ့ပိုးသွားမှာဖြစ်ပြီး ၂၀၂၁-၂၂ ပညာသင်နှစ်အတွက် DBE Stick အချောင်း (၈,၀၀၀)ကို အခြေခံပညာ ဉီးစီးဌာနနဲ့ မိတ်ဘက် အဖွဲ့အစည်းများက ပံ့ပိုးပေးသွားနိုင်ဖို့အတွက် စီစဉ်ထားရှိပါတယ်။
Myanmar Digital Education Platform