Sales Hotline : 09448001653       Download App



အိန္ဒိယနိုင်ငံ အထက်တန်းကျောင်းတစ်ကျောင်းတွင် AI ဆရာမကို ပထမဆုံး အသုံးပြု

Indian နိုင်ငံ၊ Trivandrum မြို့ရှိ KTCT အထက်တန်းကျောင်းတွင် ပထမဆုံး AI ဆရာမကို စတင်အသုံးပြုခဲ့ပါသည်။ ကမ္ဘာပေါ်မှာ AI စွမ်းအားမြင့်မားလာချိန်တွင် ထိုကျောင်းသည် AI ၏ အကျိုးကျေးဇူးများကို ရယူပြီး သမိုင်းသစ်ကို ဖန်တီးခဲ့သည်ဟု ဆိုနိုင်သည်။

 

KTCT အထက်တန်းကျောင်းသည် Makerlabs Edutech Private Limited ကုမ္ပဏီနှင့် ပူးပေါင်းတီထွင်ထားသည့် ၎င်း၏ ပထမဆုံးမျိုးဆက် AI ဆရာမကို Iris ဟု အမည်ပေးထားပါသည်။

 

ကျောင်းသားများအတွက် ပညာရေးတွင် လုံး၀ အဆင်ပြေစေမည့် အတွေ့အကြုံတစ်ခုဖြစ်စေရန် ထို AI ဆရာမ Iris သည် English ၊ Malayalam ၊ Hindi ဘာသာစကားသုံးမျိုး အနည်းဆုံး ပြောဆိုနိုင်ပြီး ကျောင်းသားများ၏ ခက်ခဲသော မေးခွန်းများကိုလည်း ဖြေဆိုနိုင်ပါသည်။ ထို့အပြင် ကျောင်းသားနှင့် ဆရာမ အပြန်အလှန် အကျိုးပြုသော သင်ယူမှုနှင့် ရွေ့လျားနိုင်မှုစသည့် အခြားအင်္ဂါရပ်များစွာကိုလည်း လူသားတစ်ယောက်ကဲ့သို့ လုပ်ဆောင်နိုင်ပါသည်။

 

Iris ၏ ဗီဒီယိုကို Makerlabs မှ ၎င်း၏ တရားဝင် Instagram စာမျက်နှာတွင် မျှဝေခဲ့ခြင်းကြောင့် အင်တာနက်သုံးစွဲသူများ၏ အာရုံစိုက်မှုကို ရရှိနေပြီဖြစ်သည်။ MakerLabs ၏ ပြောကြားချက်အရ Iris ၏ ဉာဏ်ပညာသည် ChatGPT ကဲ့သို့သော AI ပရိုဂရမ်များကို အခြေခံပြီး အသုံးပြု လုပ်ဆောင်ထားသောကြောင့် အခြားသော အလိုအလျောက် သင်ကြားရေး ကိရိယာများထက် ပိုမိုကျယ်ပြန့်သည်ဟု သိရသည်။ 

 

မူးယစ်ဆေးဝါး၊ လိင်နှင့် အကြမ်းဖက်မှုစသည့် ကျောင်းသားများအတွက် မသင့်လျော်သော ဘာသာရပ်ဆိုင်ရာ သတင်းအချက်အလက်များကို သင်ကြားပေးရန် လေ့ကျင့်ထားခြင်း မရှိကြောင်းကိုလည်း ၎င်းတို့က ပြောကြားခဲ့သည်။   

 

Iris သည် မိန်းမအသံဖြင့် ပြောဆိုတတ်ပြီး လူသားနည်းပြဆရာမတစ်ဦး၏ စရိုက်လက္ခဏာများစွာရှိသော်လည်း သူမသည် သူမ၏ တပည့်များအတွက် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ မရှိသလို သူတို့ကို မှတ်မိနိုင်စွမ်းလည်း မရှိပါဘူးဟု MakerLabs ၏ CEO မှ The New Indian Express သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

 

AI ဆရာမ Iris ကို အသုံးပြုပြီး ကျောင်းသားများသည် နည်းပညာနှင့်ပတ်သက်သည့် ဘာသာရပ်နယ်ပယ်များမှာ တိုးတက်မှု ရှိလာသည်ကို မြင်တွေ့ခဲ့ရသော KTCT ၏ ကျောင်းအုပ်ဆရာကြီးသည် လာမည့်စာသင်နှစ်တွေမှာ AI ဆရာမများကို ပိုမိုအသုံးပြုရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။ 

International News Latest Post Read 750 times