မူလတန်းပြဆရာဖြစ် လက်မှတ်မရှိသေးသည့် ဆရာ၊ဆရာမ ၁၇၀၀ ကျော်ရှိနေ

မူလတန်းပြဆရာဖြစ် လက်မှတ်မရှိသေးသည့် ဆရာ၊ဆရာမ ၁၇၀၀ ကျော်ရှိနေ

မူလတန်းပြဆရာဖြစ် လက်မှတ်မရှိသေးသည့် ဆရာ၊ဆရာမ ၁၇၀၀ ကျော်ရှိနေ

အခြေခံပညာကျောင်းများတွင် မူလတန်းပြဆရာဖြစ် လက်မှတ်မရှိသေးသည့် ဆရာ၊ဆရာမအရေအတွက်မှာ ၁၇၀၀ ကျော်ရှိနေကြောင်းသိရသည်။

အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများထဲမှ မူလတန်းပြဆရာဖြစ် လက်မှတ်မရှိသေးသည့် ဆရာ၊ဆရာမ အရေအတွက်ဦးရေမှာ ၁၇၂၀ ရှိပြီး ယင်းတို့၏ မူလတန်းပြဆရာမအရည်အသွေးတိုးတက်မြင့်မားလာစေရန်အတွက် မူလတန်းဆရာအတက်စာပေးစာယူသင်တန်းအမှတ်စဉ် (၃၇)၏ပထမပိုင်းကို ၂၀၁၈ ခုနှစ် ၁၀ လပိုင်းက သက်ဆိုင်ရာပညာရေးကောလိပ်များတွင် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ယခုနှစ် ဧပြီ ၁၉ ရက်မှ မေ ၄ ရက်အထိ ဒုတိယအပိုင်း အဖြစ်ဆက်လက်ပို့ချကာ စာမေးပွဲဖြေဆိုစေမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

သူတို့ကအရင်က နေ့စားလပေး ဆရာ၊ဆရာမတွေအနေနဲ့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး မူလတန်းဆရာဖြစ်သင်တန်းမတက်ရသေးတဲ့သူတွေ။ ပြီးတော့ဘွဲ့ရအထွေထွေ လုပ်သားအဆင့်ကနေ မူလတတန်းပြဆရာအဖြစ် ပြောင်းလဲလျှောက်ထားခဲ့တဲ့သူတွေပါ။ ဆရာ၊ဆရာမတွေဖြစ်လာတဲ့အတွက် သင်ကြားမှုနည်းစနစ်တွေ တိုးတက်လာစေဖို့နဲ့ ဆရာဖြစ်လက်မှတ်ရရှိဖို့ သတ်မှတ်ထားတာဖြစ်တဲ့အတွက် သူတို့အတွက် သီးသန့်ပြန်လုပ်ပေးရတာပါ ဟုအခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသို့ ဧပြီ ၆ ရက်ကပြောကြားပါသည်။

မူလတန်းဆရာဖြစ် စာပေးစာယူသင်တန်း ပထမပိုင်းကိုတက်ရောက်ခဲ့သောဆရာ၊ဆရာမများအားလုံးသည် ဒုတိယပိုင်းဖွင့်လှစ်ပို့ချသည့်အချိန်တွင် မပျက်မကွက်တက်ရောက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီး ပြည်နယ်နှင့် မြို့နယ်ပညာရေးမှူးရုံးများအနေဖြင့် အဆိုပါ ဆရာ၊ဆရာမများသိရှိစေရန် ကြပ်မတ်ဆောင်ရွက်ကာ စေလွှတ်ပေးရမည်ဖြစ်ကြောင်း သိရပါသည်။

အခြေခံပညာကဏ္ဍမှာ အဲ့ဒီလက်မှတ်မရှိသေးဘဲ တာဝန်ထမ်းဆောင်နေတဲ့သူတွေရှိနေသေးရင် နှစ်အလိုက်အဆင်ပြေတဲ့ အချိန်တွေမှာ ထပ်ပြီးဖွင့်လှစ်ပေးသွားမှာပါ ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် နေ့စားလပေးဘွဲ့ရ များကို ခေါ်ယူခန့်ထားခြင်းမပြုလုပ်တော့ဘဲ လုပ်ငန်းခွင်အကြို မူ လတန်းဆရာ အတတ်ပညာသင်တန်းဖြင့်သာ ဝင်ခွင့်ပေးတော့ ကြောင်း သိရသည်။

Source: Democracy Today

News Read 1706 times