ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲအား လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်ကျင်းပမည်

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲအား လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်ကျင်းပမည်

ယခုနှစ် ၁၃ ကြိမ်မြောက် EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲကို ကျင်းပတော့မည် မဟုတ်ဘဲလာမည့်နှစ် ၂၀၂၀ ခုနှစ်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောကြားခဲ့ပါသည်။

နောက်နှစ်မှာတော့ စာမေးပွဲကို ပုံမှန်ပြန်လုပ်မယ်.. ဟု ဦးဝင်းရှိန်ကပြောကြားပါသည်။HRD-Korea ကယခုနှစ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ လုပ်သားခေါ်ယူမှု အောင်မြင်မှုအရေအတွက် ယခင်နှစ်များထက် ထက်ဝက်လျှော့ချခေါ်ယူမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ကုန်ထုတ်လုပ်ငန်းများအတွက် ဦးရေ ၅၀၀၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ၁၀၀၀ ဦး စုစုပေါင်း ၁၅၀၀ သာအောင်မြင်ခွင့်ပြုပေးမည်ဖြစ်ကြောင်းသိရပါသည်။

စာမေးပွဲဖြေဆိုမည့် လုပ်သားဦးရေသည် လေးသောင်းဦးခန့်ရှိပြီး အောင်မြင်မှု ပေးသည့်အရေအတွက်နှင့် နှိုင်းယှဉ်ပါက ကွာဟမှုရှိနေသည့်အတွက် အောင်မြင်မှုပေးမည့် အရေအတွက်တိုးမြှင့်ပေးနိုင်ပါရန် HRD-Korea နှင့် ညှိနှိုင်းသော်လည်း အဆင်မပြေသောကြောင့် စာမေးပွဲမကျင်းပရခြင်း ဖြစ်ကြောင်းသိရပါသည်။

HRD-Korea မှ ၂၀၁၉ ခုနှစ် လုပ်သားခေါ်ယူမှုခွဲတမ်း တန်းစီဇယားတွင် လုပ်သားအရေအတွက် ၉၀၀၀ ဦး ကျော်ကျန်ရှိသဖြင့် အောင်မြင်မှုအရေအတွက်ကို တိုးမြှင့်မပေးနိုင်ပါကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီများသို့ အကြောင်းပြန်လာကြောင်း သိရပါသည်။

ထိုကြောင့် ယခုနှစ်ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲ မကျင်းပတော့ဘဲ လုပ်သားစေလွှတ်မှုအတွက် အောင်မြင်ထားသူ ၉၀၀၀ ကျော်ထဲမှ စေလွှတ်သွားမည်ဖြစ်ပါသည်။

ဒီနှစ်အတွက် စာမေးပွဲက ရပ်လိုက်ရပါတယ်တဲ့။ ရုတ်တရက်ကြီးဗျာ။ကျွန်တော်ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိတော့ဘူး.. ဟုယခုနှစ် ကိုရီးယားဘာသာစကားစာမေးပွဲ ဖြေဆိုရန်စောင့်ဆိုင်းနေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါသည်။

Source: Daily Eleven

News Read 1575 times