ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JICA တို့ပူးပေါင်းပြီး ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ် သွားမည် ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျခံ သုံးစွဲမည်ဖြစ်သည်။
အင်းစိန်ရှိ စက်မှုလက်မှု အထက်တန်းကျောင်းနေရာတွင် ကျောင်းဆောင်အသစ်တိုးချဲ့ဆောက်လုပ်ခြင်းနှင့် ကျောင်းဆောင်ဟောင်းများအား ပြုပြင်ခြင်းများပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ Melia Hotel တွင် ပြုလုပ်ခဲ့သည်။
" စီမံကိန်းရဲ့ ရည်ရွယ်ချက်ကတော့ ယခင်စက်မှုလက်မှု အထက်တန်းကျောင်း (အောင်ဆန်း) နေရာမှာ လိုအပ်တဲ့အဆောက်အဦး ပြုပြင်မှုတွေ၊ သင်ကြားပို့ချနိုင်ဖို့ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းဆောင်ရွက်ပြီး Automobile Maintenance သင်တန်းနဲ့ Electrical Diploma သင်တန်းတွေကို ဂျပန်နိုင်ငံရဲ့အတွေ့အကြုံ ဗဟုသုတများ အပေါ်အခြေခံပြီး ဖွင့်လှစ်သင်ကြားနိုင်ရေးပဲ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင်ဈေးကွက်နဲ့ ကိုက်ညီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးမှာဖြစ်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာဖြစ်ပါတယ်"ဟု ပညာရေးဝန်ကြီးဌာန၊ နည်း ပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောသည်။
အဆိုပါ စီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆွေးနွေးမှု မှတ်တမ်းဆိုင်ရာ သဘောတူညီချက်ကို ဝန်ကြီးဌာနနှင့်JICA အကြား ပြီးခဲ့သည့် မတ်လက ရေးထိုးထားခဲ့သည်။
source: myanmar.mmtimes