မူလတန်းအောင်မြင်ထားရုံဖြင့် အခမဲ့ တက်ရောက်နိုင်မည့် ကာလတို သက်မွေးပညာသင်တန်းများ

မူလတန်းအောင်မြင်ထားရုံဖြင့် အခမဲ့ တက်ရောက်နိုင်မည့် ကာလတို သက်မွေးပညာသင်တန်းများ

အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာအထက်တန်းကျောင်းနှင့် စက်မှုသင်တန်းကျောင်းများတွင် မူလတန်းအဆင့် အောင်မြင်ပြီး အသက် (၁၈) နှစ်ပြည့် ပြီးသော လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများအတွက် အသင့်ပြင်ဆင်ပေးခြင်း စီမံကိန်းဖြင့် ကာလတိုးသုံးလ သင်တန်းများကို ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

အဆိုပါသင်တန်းကို တက်ရောက်ပြီးပါက နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ကိုပါ ထုတ်ပေးပြီး လုပ်ငန်းများနှင့်ပါ ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။

"နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုနဲ့အတူ အခြေခံပညာမပြီးလိုက်တဲ့လူတွေအတွက် လူ့စွမ်းအား အရင်းအမြစ်တွေကို ပြုစုပျိုးထောင်ပေးမယ့် သင်တန်းတွေပါ၊ ဒေသနဲ့ကိုက်ညီမှုရှိတဲ့ သင်တန်းမျိုးတွေကို အဓိကဖွင့်လှစ်သွားမှာပါ" ဟုပြောကြားသည်။

သင်တန်းများကို အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၊ (ရွာမ)၊ (မန္တလေး)၊ အမှတ် (၂) စက်မှုသင်တန်းကျောင်း (ပခုက္ကူ) တို့တွင် ဖွင့်လှစ်မည်ဖြစ်သည်။

ဖွင့်လှစ်ပေးမည့်သင်တန်းများမှာ

(၁) အုတ်စီကျွမ်းကျင်သင်တန်း၊

(၂) သံချည်သံကွေးသင်တန်း၊

(၃) ဓာတ်ငွေ့သုံးလျှပ်စစ် ဂဟေဆက်ကျွမ်းကျင် သင်တန်းနှင့် 

(၄) စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းတို့ကို ဖြစ်သည်။

သင်တန်းဖွင့်လှစ်မည့်ရက် 

၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၇ ရက်မှ စတင်ဖွင့်လှစ်မည် ဖြစ်ပြီး ဧပြီလ ၆ ရက်အထိ ဖြစ်သည်။

နောင်တွင်ဖွင့်လှစ်မည့်သင်တန်းများကို အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ၊ ကလေး၊ လားရှိုး၊ မော်လမြိုင်၊ မိတ္ထီလာ၊ မုံရွာ၊ ပုသိမ်၊ တောင်ငူ) တို့တွင် တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်သည်။

သင်တန်းဖွင့်လှစ်ချိန်များကို အချိန်နှင့်တစ်ပြေးညီ ကြေညာပေးသွားမည် ဖြစ်သည်။

source: democracy

News Read 4389 times