ရာထူးတိုးအပြောင်းအရွှေ့ တာဝန်ကျဒေသသို့ မသွားပါက ရာထူးတိုး သုံးနှစ် ရပ်ဆိုင်းမည်

ရာထူးတိုးအပြောင်းအရွှေ့ တာဝန်ကျဒေသသို့ မသွားပါက ရာထူးတိုး သုံးနှစ် ရပ်ဆိုင်းမည်

အခြေခံပညာကျောင်းများအတွက် အပြောင်းအရွှေ့ ရာထူးပြောင်းနှင့် အတိုး၊ အပြောင်း လျှောက်ထား သူများအနေဖြင့် ဆန္ဒပြုရာဒေသတွင် တာဝန်ထမ်းဆောင်ရန် ငြင်းပယ်ပါက ရာထူးတိုးမြှင့်ခြင်း၊ အပြောင်းအရွှေ့ ပြုလုပ်ခြင်းများအား သုံးနှစ်အထိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးက “တချို့ဒေသတွေမှာ ခန့်ထားပြီး ဆရာ တွေ ရောက်မလာ တာရှိတယ်။ အဲဒါတွေကို သေချာစိစစ်ပြီး မှတ်တမ်းတစ်ခုထားရှိပြီး တော့ ရာထူးခံစားခွင့်တွေကို လိုအပ် ရင် လိုအပ်သလို လျှော့ချပစ်မယ်။ ဆရာ၊ ဆရာမ တွေအနေနဲ့ အပြောင်းအရွှေ့တွေရော၊ ရာထူးတိုးအတွက်ပါ ပါတယ်။ တာဝန်ကျတဲ့ဒေသ ကို အချို့တွေက ခေါင်လို့ဆိုပြီး မသွားတဲ့သူတွေရှိတော့ အဲဒီနေရာတွေက လစ်လပ်ဖြစ် သွားလို့ပါ”ဟု ပြောသည်။

ဆန္ဒပြုလျှောက်ထားသူများကို ဆန္ဒပြုဒေသနှင့်အညီ ပြောင်းရွှေ့တိုးမြှင့်ခန့်ထားသည့် အခါ ငြင်းပယ်ခြင်း၊ အလုပ်ဝင်ရောက်ရန် ပျက်ကွက်မည်ဆိုပါက ပြောင်းရွှေ့တိုးမြှင့်ခန့်ထား ခြင်းအား သုံးနှစ် ရပ်ဆိုင်း မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

လျှောက်ထားသူများ၏ ဆန္ဒပြုလျှောက်လွှာပါ လုပ်သက်များအား အမှုထမ်းစာအုပ် များနှင့် တိုက်ဆိုင် စစ်ဆေးသွားမည်ဖြစ်ပြီး၊ မှားယွင်းမှု ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ကျောင်း အုပ်ကြီးနှင့် မြို့နယ် ပညာရေးမှူးများမှ တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အပြောင်းအရွှေ့ ရာထူးပြောင်းနှင့် ရာထူးတိုးဆန္ဒပြုလျှောက်ထားသူများ၏ ဆန္ဒပြု လျှောက်လွှာများကို သက်ဆိုင်ရာခရိုင်အလိုက် ပညာရေးမှူးရုံးများမှ စုစည်းပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် နောက်ဆုံးထားပေးပို့ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

News Read 5247 times