ကျောင်းဆရာဆရာမများကို ပြန်လည်အရည်အချင်း မြှင့်တင်ရသည့်ရသည့်လုပ်ငန်းတွင် အစိုးရအနေဖြင့် ရုန်းကန်နေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဆရာဆရာမတွေကိုလည်း ပြန်ပြီး အရည်အချင်းမြှင့်ပေးရတဲ့ လုပ်ငန်းကြီးဟာ စိန်ခေါ်မှု ကြီးတစ်ခုပါပဲ။
ကျောင်းသားကျောင်းသူတွေရဲ့. ပညာအရည်အချင်းမြှင့်ဖို့ဆိုရင် ဆရာဆရာမတွေရဲ့ အရည်အချင်းကိုလည်း မြှင့်ပေးဖို့လိုပါတယ်။ အဲဒီမှာလည်း ကျွန်မတို့ အင်မတန် ရုန်းကန်နေရပါတယ် ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ဆရာ၊ ဆရာမအများစုသည် ကိုယ့်မိသားစု တာဝန်များနှင့်ဖြစ်၍ ပညာရေးကို အချိန်ပြည့်အာရုံမစိုက်နိုင်ကြောင်း သို့သော်လည်း နိုင်ငံလိုအပ်ချက်အရ ၎င်းတို့၏ အရည်အချင်းမြှင့်တင်ရေးအတွက် ကြိုးစားစေချင်ကြောင်း ယင်းကဲ့သို့ဆောင်ရွက်ခြင်းအားဖြင့် ကိုယ်တိုင်စိတ်ကြေနပ်မှုရမည့်အပြင် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်နိုင်ရုံသာမက ကမ္ဘာ့လူသားများအကျိုးကိုပါ ဆောင်နိုင်သော သူများဖြစ်လာနိုင်ကြောင်း နှလုံးသွင်းစေလိုသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အခု အတင့်မြှင့် ပညာရေးစနစ်မှာရောက်နေတဲ့ လူငယ်တော်တော်များများဟာ အားနည်းတဲ့ပညာရေးစနစ်ရဲ့ သားကောင်တွေပဲလို့ တနည်းအားဖြင့် ပြောလို့ရပါတယ်။ ဒီလူငယ်တွေကို အရင်တုန်းကရထားတဲ့ အလေ့အကျင့် တွေကို ပြုပြင်ရမယ်။
အခုခေတ်နဲ့ကိုက်ညီတဲ့ မှန်ကန်တဲ့ ပညာရှာနည်းတွေကို သင်ပေးရမယ်ဆိုတာဟာ အဆင့်မြင့်ပညာမှာ တာဝန်ယူနေတဲ့ဆရာဆရာမကြီးတွေအတွက် အင်မတန်ကြီးမားတဲ့ စိန်ခေါ်မူ့ဖြစ်ပါတယ်။
ဒီစိန်ခေါ်မူ့ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်မယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အားလုံးစိတ်အေးရမှာပါ ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
ယခုအချိန်မှ မူလတန်ကျောင်းတွင် စတင်ပညာသင်ကြားနေသည့် ကလေးငယ်များ ကြီးပြင်းလာသည်အထိ စောင့်၍ မရတော့ကြောင်း နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီမည့် လူငယ်ပညာတတ် မွေးထုတ်ပေးနိုင်ရေးသည် ယခုအဆင့်မြင့်ပညာရေးစနစ်၏ အကြီးမားဆုံးစိန်ခေါ်မှုကြီးဖြစ်ကြောင်း စိန်ခေါ်မှုကို အောင်အောင်မြင်မြင်ကျော်လွှားရန် အစိုးရအပါအဝင် အားလုံး၌တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ် ပညာရေးဖွံဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် ဒုတိယဝန်ကြီး ဦးသာဦး၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးကြွယ်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ပညာရေးမြင့်တင်မှု ကော်မတီဝင်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် ကော်မတီတို့မှ တာဝန်ရှိသူများ ပါမောက္ခချုပ်များ ကော်မတီအဖွဲ့ဝင်များ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်များအဖွဲ့နှင့် နည်းပညာရှင်အဖွဲ့တို့မှ အဖွဲ့ဝင်များ ပြည်တွင်းပြည်ပပညာရှင်များ ဆရာများသမဂ္ဂမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: Myanmar Times