ကျောင်းသုံးဖတ်စာအုပ်အသစ်များအား ကျောင်းမဖွင့်ခင် ပြင်ပတွင် ရောင်းချနေခြင်းများအား စိစစ်သွားမည်

ကျောင်းသုံးဖတ်စာအုပ်အသစ်များအား ကျောင်းမဖွင့်ခင် ပြင်ပတွင် ရောင်းချနေခြင်းများအား စိစစ်သွားမည်

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မူလတန်း ၊ အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံပညာကျောင်းသား ၊ ကျောင်းသူအားလုံးအတွက် ကျောင်းသုံးဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြားသည်။

နိုင်ငံတော်မှ ကျောင်းဖွင့်ချိန်တွင် ကျောင်းသုံးဖတ်စာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိသော်လည်း ကျောင်းဖွင့်ချိန်မတိုင်မီ နွေရာသီကာလတွင် တက်ရောက်ရမည့်အတန်းအတွက် ကြိုတင်သင်ယူလေ့လာလိုသည့် ကျောင်းသား ၊ ကျောင်းသူနှင့် မိဘအုပ်ထိန်းသူအချို့တို့က ပြင်ပဈေးကွက်တွင် ရောင်းချနေသော ကျောင်းသုံးဖတ်စာအုပ်များကို ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် ပညာသင်နှစ်တွင် ကျောင်းသုံးဖတ်စာအုပ်များအား ကျောင်းသား ၊ ကျောင်းသူများလက်ထဲသို့မရောက်မီ ပြည်ပတွင် ရောင်းချနေခြင်းများ ရှိ ၊ မရှိကို လေ့လာဆန်းစစ်၍ ကန်ထရိုက်ရယူထားသည့် ပုံနှိပ်လုပ်ငန်းများနျင့် ဆက်စပ်မှု ရှိ ၊ မရှိ တို့ကို စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းမှ ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ အကြောင်းအရာများအား နိုဝင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးက အခြေခံပညာပုံနှိပ်စာအုပ်များ ကျောင်းဖွင့်ချိန်အမီမရရှိခြင်း ၊ ကျောင်းသားဦးရေ နှင့် အညီ မရရှိခြင်းတို့အတွက် မည်သူက တာဝန်ခံမည်နှင့် ကျောင်းသုံးဖတ်စာအုပ်အသစ်များသည် ကျောင်းသား ၊ ကျောင်းသူများ လက်ထဲသို့ မရောက်ခင် ပြင်ပတွင် ရောင်းချနေခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်များကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Source: internet journal

News Read 1580 times