Scholarship လျှောက်မည့်သူများ သိထားသင့်သည့် SAT Test

 

 

ယခုတစ်ခါမှာတော့ ပြည်ပမှာ ကျောင်းသွားတက်မယ့်သူတွေနဲ့ ပညာတော်သင်ဆု လျှောက်ထားမယ့် သူတွေအတွက် အဖြေများကြတဲ့ SAT Reasoning Test အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

 

ပထမဆုံး SAT ဆိုတာဘာလဲဆိုတာကို အရင်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ The Scholastic Assessment Test လို့ခေါ်တဲ့ SAT ဟာဆိုရင် College Board က ကျင်းပတဲ့ Standardized Test တစ်ခုဖြစ်ပြီး ၀င်ရောက်ဖြေဆိုသူတွေရဲ့ သင်္ချာစွမ်းရည်၊ စာဖတ်နိုင်စွမ်းရည်နဲ့ စာအရေးအသား စွမ်းရည်တို့ကို စစ်ဆေးတဲ့ စာမေးပွဲတစ်ခုပဲ ဖြစ်ပါတယ်။ 

 

SAT Test ဖြေဆိုပြီးတာနဲ့ အမေရိကန်နဲ့ အခြားနိုင်ငံတကာမှ တက္ကသိုလ်များတွင် ပထမနှစ်မှ စတင်ပြီး ကျောင်းတက်နိုင်မှာပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ စာမေးပွဲများထဲတွင် အခက်ဆုံးလို့ ပြောလို့ရတာကတော့ SAT Test ပါပဲ။ 

 

ဖြေဆိုမယ့် ကျောင်းသားတိုင်းဟာ English + Maths နှစ်ဘာသာကို တစ်ခါတည်း ဖြေလို့ရပါတယ်။ တကမ္ဘာလုံးက ကျောင်းသားတိုင်းရဲ့ အရည်အချင်းကို သတ်မှတ်တဲ့ စာမေးပွဲတစ်ခုလို့လည်း ပြောလို့ရပြီး စာမေးပွဲဖြေဆိုပြီးတာနဲ့ ကျောင်းသားတိုင်းရဲ့ ရမှတ်တွေကို SAT ရမှတ်နဲ့ လက်ခံတဲ့ တစ်ကမ္ဘာလုံးက ကောလိပ်၊ တက္ကသိုလ်များရဲ့ Board မှာ မှတ်တမ်းတင်ပြီးသား ဖြစ်ပါတယ်။ 

 

ထိုအမှတ်များကိုလည်း အချိန်နှင့် တစ်ပြေးညီ Update လုပ်နေတဲ့ အတွက်ကြောင့် ကျောင်းအပ်လက်ခံတဲ့ အချိန်မှာလည်း ဘယ်ကျောင်းသားက SAT Test ကို ဘယ်နှစ်ခါဖြေခဲ့တယ် ၊ ဘယ်အကြိမ်မှာ အမှတ် ဘယ်လောက် ရထားတယ်ကအစသိရှိနိုင်ပါတယ်။ 

 

SAT Test ကို၀င်ရောက်ဖြေဆိုမယ်ဆိုရင်တော့ ဘာသာရပ် အနေနဲ့ English နဲ့ Maths နှစ်ဘာသာကို တက်ရောက်ရမှာ ဖြစ်ပြီး စာမေးပွဲဖြေဖို့ လေ့လာပြင်ဆင်ချိန်အားဖြင့် ၁ နှစ်ခန့်အချိန်ယူရမှာပဲဖြစ်ပါတယ်။ ဖြေဆိုရာတွင်လည်း အသက်အရွယ်အားဖြင့် ကန့်သတ်ချက် မရှိတာကြောင့် အသက် (၁၆) နှစ်ပြည့်ပြီးသူတိုင်း၀င်ရောက်ဖြေဆိုနိုင်ပါတယ်။

 

တက္ကသိုလ်၀င်တန်း အောင်မြင်ဖြေဆိုပြီးသူတွေ ၊ IGCSE O Level ဖြေဆိုပြီးသူတွေ ၊ အသက် ၁၆ နှစ်အထက်ရှိတဲ့ ကျောင်းသား/ကျောင်းသူတွေ ၊ ပြည်ပ တက္ကသိုလ်/ကောလိပ်မှာ တက်ရောက်ဖို့ ပြင်ဆင်နေကြသူတွေ နဲ့ နိုင်ငံတကာမှ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာတော်သင်ဆုကို ရယူဖို့ လျှောက်ထားလိုသူတွေ အနေနဲ့ SAT Test ကို ၀င်ရောက်ဖြေဆိုနိုင်ပါတယ်။ 

 

SAT Reasoning Test မှာတော့ ရေးဖြေ ၊ နှုတ်ဖြေ ၊ Maths အစရှိတာတွေကို စစ်ဆေးမှာဖြစ်ပြီး Test အနေနဲ့ ကြာချိန်ကတော့ ၃ နာရီ နဲ့ ၅၀ မိနစ်ကြာမြင့်မှာ ဖြစ်ပါတယ်။ အမှတ်အားဖြင့်တော့ Minimum 400 - Maximum 1600 အထိသတ်မှတ်ထားပြီး ရမှတ် 1060 ကိုတော့ ပျှမ်းမျှရမှတ်အနေနဲ့ သတ်မှတ်ထားပါတယ်။ 

 

SAT စာမေးပွဲကို နှစ်တိုင်း August, October, November, December, March, May & Juneမှာ စာမေးပွဲတကမ္ဘာလုံးမှာကျင်းပပါတယ်။ SAT စာမေးပွဲကျင်းပခွင့် Approved ရထားတဲ့ ကျောင်းများနဲ့ Center များမှာ ဖြေဆိုလို့ရပါတယ်။ သင်တန်းအားဖြင့် SAT Preparation Course ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းများမှာ တက်ရောက်လေ့လာနိုင်ပါတယ်။ 

 

SAT ဟာ အမေရိကန်သင်ရိုး ၁၂ တန်း နဲ့ ညီမျှပါတယ်။ ဒါကြောင့် အတန်းစာကို ပုံမှန်ဆုံးခန်းတိုင်အောင် တက်ရောက်ပြီးမှ SAT Test ၀င်ဖြေတာပိုပြီး သင့်တော်ပါတယ်။ အင်္ဂလိပ်စာအနေနဲ့လည်း 4 Skills Advanced လောက်ရှိထားမှ အဆင်ပြေမှာပါ။ USA မှ ထိပ်တန်းတက္ကသိုလ်များ၊ UK, Australia မှ တက္ကသိုလ် ၊ ကောလိပ်များတွင် Scholarship ရဖို့ ၀င်ခွင့်ကို SAT ရမှတ်နဲ့ တိုင်းတာစီစစ်ကြပါတယ်။ 

 

SAT Test ကိုဖြေဆိုထားရင်တော့ နာမည်ကြီး တက္ကသိုလ်များကိုလျှောက်တဲ့အခါ ၀င်ခွင့်ကို လွယ်ကူစွာ ရရှိနိုင်မှာဖြစ်ပြီး ပညာတော်သင်ဆု လျှောက်ထားရာတွင်လည်း SAT Test ဖြေဆိုထားသူများဟာ တစ်ခြားသူများထက် ရရှိနိုင်တဲ့ အခွင့်အရေးပိုများပါတယ်။ ရမှတ်ကောင်းကောင်းနဲ့ ဖြေဆိုအောင်မြင်ထားတဲ့ ကျောင်းသားမျိုးဆိုရင် ငွေကြေးထောက်ပံ့မှု ၊ ၀င်ခွင့်လျှောက်လွှာကြေး ကင်းလွတ်ခွင့် စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါတယ်။ 

 

ဒါကြောင့် ပညာတော်သင်ဆု လျှောက်ထားဖို့ အစီအစဥ်ရှိသူတွေပဲဖြစ်ဖြစ် ပြည်ပနာမည်ကြီး ထိပ်တန်း တက္ကသိုလ်တွေမှာ တက်ရောက်လိုသူတွေပဲဖြစ်ဖြစ် SAT Test ကို ဖြေဆိုထားမယ်ဆိုရင်တော့ လျှောက်ထားတဲ့အခါမှာလည်း လွယ်ကူပြီး သင့်အတွက် အခွင့်အရေးတွေကိုလည်း ပိုမိုရှိစေမှာပဲ ဖြစ်ပါတယ်။ 

 

Knowledge Read 1296 times