အခြေခံပညာ ဦးစီးဌာနသို့ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ ပေးပို့ရန် ညွှန်ကြားထားသော (ရာထူးစုံ) ရာထူးတိုး/ပြောင်း/ရာထူးပြောင်းတန်းစီဇယားများကို ပညာရေးဝန်ထမ်းများ သိရှိနိုင်စေရန်အတွက် အခြေခံပညာဦးစီးဌာန ၀က်ဘ်ဆိုက်တွင် တင်ပြပေးသွားမည် ဖြစ်သည်။
၎င်းအတွက် တိုင်းဒေသကြီး ခရိုင်မြို့နယ် ကျောင်းအလိုက် တန်းစီဇယားများကို ပြစုရာတွင် ရာထူးအလိုက် ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းပြီး အမှားအယွင်းတစ်စုံ တစ်ရာ မရှိဘဲ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
"အဓိကက ပွင့်လင်းမြင်သာမှုရှိအောင်လုပ်တာပါ။ ပညာရေးဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့ တန်းစီဇယားကို ဘယ်လိုရေးဆွဲထားလဲဆိုတာ သိရအောင်နဲ့ ကိုယ်က တန်းစီဇယားရဲ့ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို သိရအောင် လုပ်ပေးတာ။ အခုက အခြေခံပညာဦးစီးဌာနရဲ့ ၀က်ဘ်ဆိုဒ်ကလည်း လုပ်ပြီးပြီဆိုတော့ နောက်ဆိုရင် အခြေခံပညာရေးနဲ့ ပတ်သက်ပြီး ပွဲတွေ အခမ်းအနားတွေရဲ့ အကြောင်းတွေကိုလည်း ၀က်ဘ်ဆိုက်က်နေ တစ်ဆင့် ကြေညာမယ်။ ပညာသင်ဆုနဲ့ ပတ်သက်တာတွေကိုလည်း ၀က်ဘ်ဆိုက်ကနေတစ်ဆင့် ကြေညာတာတွေ လုပ်ပေးမှာပေါ့" ဟု ပြောကြားသည်။
လက်ရှိတွင် အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာ၏ ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးပြောင်း ရာထူးပြောင်းများကို လျှောက်ထားခွင့် ပေးထားပြီး လျှောက်ထားရာတွင် မိမိတို့ အမှန်တကယ် အလုပ်ဝင်ရောက်နိုင်သော ဒေသများကိုသာ ဆန္ဒပြု လျှောက်ထားရန်နှင့် အမှန်တကယ် တာဝန်ထမ်းဆောင်နိုင်သော ရာထူးများကိုသာ လျှောက်ထားကြရန်ကို အသိပေးထားပြီး ဖြစ်သည်။
ရာထူးတိုး အပြောင်းအရွှေ့ အမိန့်စာများထွက်ရှိပြီး သည့်အချိန်တွင် တာဝန်ကျရာ ကျောင်းသို့ မဟုတ် တာဝန်ကျရာထူးနေရာများကို တာဝန်ထမ်းဆောင်ခြင်း မရှိပါက ရာထူးတိုးပြောင်းတင်ခွင့်များကို နှစ်အလိုက် ပိတ်ပင်သွားမည် ဖြစ်သည်။
လက်ရှိတွင် အခြေခံပညာကဏ္ဍတွင် ကျောင်းပေါင်း လေးသောင်းကျော်ရှိပြီး ကျောင်းရုံးဝန်ထမ်း ဆရာ၊ ဆရာမ အင်အား ငါးသိန်းကျော်ရှိနေသည်။
source: democracy