လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း ဒီဇင်ဘာတွင် စတင်ခေါ်ယူမည်

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း ဒီဇင်ဘာတွင် စတင်ခေါ်ယူမည်

ပညာရေးကောလိပ် ၂၄ ကျောင်းတွင် ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) ကို ဒီဇင်ဘာလထဲတွင် နိုင်ငံပိုင်သတင်းစာထဲမှ ခေါ်ယူမည် ဖြစ်သည်။

သင်တန်းလျှောက်ထားခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်ထားသော ပညာရေးကောလိပ် များတွင် တိုက်ရိုက်လျှောက်ထားနိုင်မည် ဖြစ်သည်။

လာမည့်နှစ်အတွက် သင်တန်းခေါ်ယူခြင်းကို ယခင်နှစ်များက ထက်ပိုမို စောလျင်စွာ ခေါ်ယူထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

"သင်တန်းကို ဒီဇင်ဘာလထဲမှာ ခေါ်မယ်၊ စာလည်းတင်ထားပြီးပြီ၊ သင်တန်းဖွင့်တာက ဧပြီ၊ မေလောက်တော့ ဖွင့်နိုင်မယ် ထင်တယ်" ဟု ပြောသည်။

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းကို ရေးဖြေနှုတ်ဖြေ ၀င်ခွင့်များဖြင့် စိစစ်ရွေးချယ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုနှစ်ထောင်ခန့် ၀င်ခွင့်ပေးသွားမည် ဖြစ်သည်။

သင်တန်းကာလမှာ လေးလနှင့် လက်တွေ့တန်းပြ နှစ်လ စုစုပေါင်း ခြောက်လတက်ရောက်ရမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက မူလတန်းပြ ဆရာအဖြစ် ခန့်အပ်ခြင်းခံရမည် ဖြစ်သည်။

PPTT သင်တန်းကို မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဘွဲ့ရရှိသူများအားလုံးအတွက် ခေါ်ယူနိုင်ခြင်းမရှိဘဲ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထ၀ီ၊ သမိုင်း အစရှိသည့် ဘာသာ ၁၀ ခုကိုသာ ကန့်သတ်ခေါ်ယူနေရဆဲ ဖြစ်သည်။

ယင်းကဲ့သို့ ဘာသာရပ်ကန့်သတ်ထားရခြင်းမှာ အခြေခံပညာကဏ္ဍတွင် အထက်ပါ ဘာသာရပ်များကို သာ သင်ကြားနေရသည့် အတွက် ဘာသာရပ်များကို ကန့်သတ်ထားရခြင်းဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 21436 times