အောက်စဖို့ဒ် တက္ကသိုလ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိရောက်မှုမြင့်မားဟု အတည်ပြု

အောက်စဖို့ဒ်တက္ကသိုလ်မှ စမ်းသပ်နေ သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ထိရောက်မှုမြင့်မားကြောင်းကို လူဦးရေ ၂၀၀၀၀ ကျော်ကို စမ်းသပ်ပြီးနောက် အတည်ပြုနိုင်ခဲ့ကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြသည်။ ဆေးမှာ ယေဘုယျအားဖြင့် ၇၀  ရာခိုင်နှုန်း ရောဂါကူးစက်မှုကို  ကာကွယ်နိုင် သည်ဟု ဆိုနိုင်သော်လည်း  ဆေးထိုး ပြီးနောက် ၉၀ ရာခိုင်နှုန်းအထိ ကာကွယ် မှုနှုန်းမြင့်မားလာသည်ကို တွေ့ရှိခဲ့ရကြောင်း သုတေသနပညာရှင်များ၏ အဆိုအရသိရသည်။ 

သယ်ယူလွယ်ကူ ဈေးနှုန်းချိုသာ
အဆိုပါ ဆေး၏အားသာချက်မှာ ၉၅ ရာခိုင်နှုန်းအထိ ထိရောက်ကြောင်း ကြေညာခဲ့သည့်  ဖိုက်ဇာ(Pfizer )နှင့် မာဒါးနား(Moderna) တို့ထက် သယ်ယူ ရလွယ်ကူပြီး  ဈေးနှုန်းသက်သာသည်။    မာဒါးနားဆေးအတွက် ၂၅ ပေါင်နှင့် ဖိုက်ဇာအတွက် ၁၅ ပေါင် အသီးသီးကုန်ကျမည်ဖြစ်သော်လည်း ယခုအောက်စဖို့ဒ်ဆေးအတွက်မူ သုံးပေါင်သာ သုံးစွဲရမည်ဖြစ်သည်။ 

ကာကွယ်ဆေးပညာရှင် ပါမောက္ခဂီးလ်ဘာ့ဂျ်က “ဒီနေ့ကြေညာနိုင်တာကတော့ ဗိုင်းရပ်စ်ကြောင့် ရပ်တန့်နေတဲ့ ကမ္ဘာကြီးကို ကုစားဖို့ ခြေလှမ်းသစ် တစ်ရပ် ပိုမိုနီးစပ်အောင် လှမ်းနိုင်တယ် ဆိုတာပါပဲ” ဟုပြောကြားခဲ့သည်။ ဗြိတိန်အစိုးရက အဆိုပါဆေးသန်း ၁၀၀ ကို ကြိုတင်မှာယူထားပြီးဖြစ်ကာအောက်စဖို့ဒ်တက္ကသိုလ်၏ မိတ်ဖက် အက်စထရာဇန်နီကာမှ တစ်ကမ္ဘာလုံးသို့ ဆေးအလုံးရေ သုံးဘီလီယံအထိ ထုတ်လုပ်ဖြန့်ချိသွားရန် ပြင်ဆင်ထားပြီးဖြစ်သည်။ 

ကာကွယ်ဆေးထိုးနှံပေးရန် အတည်ပြု
ဆေးရလဒ်ကို ကြေညာခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က “ဘေးအန္တရာယ်ကင်းတယ်ဆိုတဲ့ အချက် ကိုပါ ထည့်သွင်းကြေညာနိုင်ခဲ့တာက တကယ့်ကိုစိတ်လှုပ်ရှားစရာ သတင်းစကားဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာလအတွင်း အင်္ဂလန်တစ်နိုင်ငံလုံးရှိ ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် ဝန်ကြီးချုပ်ရုံးမှ အတည်ပြုခဲ့ပြီးဖြစ်သလို အင်္ဂလန်တစ်နိုင်ငံလုံး အသွားအလာ လုံးဝကန့်သတ်ထားမှုကိုလည်း ဒီဇင်ဘာ ၂ ရက်တွင်စတင်ရုပ်သိမ်းရန် ပြင်ဆင်ထားကြောင်း သိရသည်။

သာမန်အားဖြင့် ကာကွယ်ဆေးများ ပေါ်ထွန်းလာစေရန် ဆယ်စုနှစ်တစ်ခု ကြာ အချိန်ယူရလေ့ရှိသော်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးမှာမူ ၁၀ လ အတွင်း ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။  

Source: The Mirror Daily

Latest Post Read 451 times