ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူ များအား ရိုက်နှက်ဆုံးမမှုများပြုလုပ်ပါက အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူ များအား ရိုက်နှက်ဆုံးမမှုများပြုလုပ်ပါက အရေးယူမည်

ကျောင်းသား/ကျောင်းသူများကို ရိုက်နှက်ဆုံးမ၍ စာသင်ကြားသော စနစ်သည် ခေတ်ကာလနှင့် လျော်ညီမှုမရှိ ကြောင်း၊ ယင်းကဲ့သို့ မပြောင်းလဲဘဲ သင်ကြားနေမည်ဆိုပါက ကလေးသူငယ်များ၏ စာသင်ကြားလိုစိတ် စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို ထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် ရိုက်နှက်ဆုံးမသင်ကြားမှုရှိပါက ကလေးသူငယ် ဥပဒေအရသော်လည်းကောင်း၊ တခြားသက်ဆိုင်ရာဥပဒေများအရသော်လည်းကောင်း အရေးယူမည်ဖြစ်ကြောင်း၊ လက်ရှိ ပညာရေးစနစ်သည် ပညာသင်ကြားရာတွင် ကလေးသူငယ်များအား စိတ်ပျော်ရွှင်အောင်ထားကာ စာသင်ယူလိုစိတ် မွေးမြူပေးရန်ဖြစ်ကြောင်း သိရပါတယ်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ကျောင်းဆရာမတစ်ဦးက ကျောင်းသားငယ်လေးများကို ဘောင်းဘီချွတ်၍ အပြစ်ပေးခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက သွားရောက်စစ်ဆေးရာ စာသင်ကျောင်းကို ညွှန်ကြားချက်မထုတ်ပြန်သေးသော်လည်း ကလေးများအား ရိုက်နှက်ဆုံးမခြင်းမပြုရန်နှင့် တစ်နိုင်ငံလုံးအတိုင်း အတာရှိ စာသင်ကျောင်းများတွင်လည်း ကလေးသူငယ်များအား စာသင်ကြားပြသရာတွင် စာသင်ကြားလိုစိတ် ဖြစ်လာစေရန်ကိုသာ အဓိကထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်စစ်ဆေးရာ ကလေးသူငယ်များအား ရိုက်နှက်ဆုံးမခြင်းများ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြုအမူများ မတွေ့ရှိ ရသေးကြောင်းနှင့် ယင်းဖြစ်ရပ်များပေါ်ပေါက်လာခြင်းမရှိစေရန် အခြေခံပညာကျောင်းအားလုံးကို ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

News Read 8825 times