မဟာဘွဲ့ရ နေ့စားလပေး ဆရာ/မများကို ရာထူးတိုးပေးမည်

မဟာဘွဲ့ရ နေ့စားလပေး ဆရာ/မများကို ရာထူးတိုးပေးမည်

၂၀၁၈-၁၉ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ အဆင့်တိုးဖွင့်လှစ်ခြင်း၊ ကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ကြောင့် ဆရာ/မများ ထပ်မံခန့်ထားရန် လိုအပ်မည်ဖြစ်၍ ရာထူးတိုးခန့်ထားခြင်း ဖြစ်သည်။

နေ့စားလပေးဆရာ/မများကို မြို့နယ်အခြေပြု မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချကာ လုပ်သက်တစ်နှစ်ပြည့်ပါက နေ့စားလပေးမှ အမြဲတမ်းဝန်ထမ်း မူလတန်းပြအဖြစ် တိုးမြှင့်ခန့်အပ်ခဲ့ပြီး ယင်းတို့အနက် မဟာဘွဲ့ရများကို လုပ်သက်ခြောက်လပြည့်ပါက အလယ်တန်းပြနှင့် အထက်တန်းပြရာထူးများ ထပ်မံတိုးပေးခြင်းဖြစ်သည်။

"မဟာဘွဲ့ရမူလတန်းပြ ဆရာ/မများကို လုပ်သက်ခြောက်လကြာရင် အလယ်တန်းပြခေါ်တယ်။ အလယ်တန်းပြ လုပ်သက်ခြောက်လကြာရင် အထက်တန်းပြ လျှောက်ခွင့်ပြုမယ်ဆိုတဲ့ မူရှိပါတယ်။ သက်ဆိုင်ရာ ပညာရေးမှူးရုံးတွေမှာ ကြေညာထားပြီးပါပြီ။ အဲဒီကနေပဲ လျှောက်ရပါမယ်" ဟုဆိုသည်။

အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် မဟာဘွဲ့ရမူလတန်းပြ လုပ်သက်ခြောက်လပြည့်သူများကို အလယ်တန်းပြအဖြစ်လည်းကောင်း၊ အလယ်တန်းပြလုပ်သက် ခြောက်လ ပြည့်သူများကို အထက်တန်းပြအဖြစ်လည်းကောင်း ရာထူးတိုးလျှောက်ထားခွင့်ပြုထားသည်။

ထို့ပြင် အခြေခံပညာကျောင်းပေါင်းများတွင် သင်ကြားရသည့် ဘာသာရပ်နှင့်မကိုက်ညီသည့် ဥပဒေ၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ ဘူမိဗေဒဘာသာရပ်များနှင့် မဟာဘွဲ့ရ ဆရာ/မ များအား ပညာရေးဝန်ကြီးဌာန ရုံးဝန်ထမ်းများအဖြစ် ရာထူးတိုးခန့်ထားမည်ဖြစ်ရာ ရာထူးတိုးလျှောက်လွှာများကို ဇူလိုင် ၂၆ ရက် စတင်ခေါ်ယူနေသည်။

အခြေခံပညာကဏ္ဍတွင် ဆရာ/မ လိုအပ်ချက်အရ ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ ဘွဲ့ရပြီးသူများကို နေ့စားလပေးမူလတန်းပြများအဖြစ် ခေါ်ယူခဲ့ရာ အသက် (၃၅) နှစ်အောက် မဟာဘွဲ့ရ ရှိထားသူများကို ရေးဖြေစာမေးပွဲမစစ်ဆေးဘဲ လူတွေ့နှုတ်ဖြေဖြင့် စစ်ဆေးခန့်အပ်ခဲ့သည်။

ဝန်ကြီးဌာနသည် နေ့စားလပေးမူလတန်းပြ ဆရာ/မ တစ်သိန်းခန့် ခန့်အပ်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 4218 times