စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ အဖြေလွှာများကို မြို့နယ်အဆင့်တွင်သာ စစ်ဆေးမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ အဖြေလွှာများကို မြို့နယ်အဆင့်တွင်သာ စစ်ဆေးမည်

ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက် အထိ ကျင်းပမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲအဖြေလွှာများကို ယခင်ကဲ့သို့ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့်တွင် မစစ်ဆေးတော့ဘဲ မြို့နယ်အဆင့်၌သာ စစ်ဆေးရမည်ဖြစ်သည်။

ဆရာ၊ ဆရာမများအနေဖြင့် စာမေးပွဲ အဖြေလွှာများကို ယခင် နှစ်များကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သတ်မှတ်နေရာသို့ သွားရောက်စစ်ဆေးရန်မလိုဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေး မှူးရုံး၊ ခရိုင်ပညာရေး မှူးရုံးများ၏ ကြီးကြပ်မှုဖြင့် မြို့ နယ်အဆင့် သတ်မှတ်နေရာ၌သာ စစ်ဆေးရမည်ဖြစ်သည်။

‘‘တိုင်းအဆင့်ထိ သွားစစ် စရာမလိုဘူး။ တိုင်း၊ ခရိုင်က ကြီးကြပ်ပြီး မြို့နယ်မှာပဲ အဖြေလွှာ စစ်ရမှာ’’ ဟု အခြေခံပညာဦးစီး ဌာန တာဝန်ရှိသူတစ်ဦးက ပြော သည်။

အဖြေလွှာစစ်ဆေးမည့် ဆရာ၊ ဆရာမများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများက တာဝန်ခွဲဝေချထားပေးမည်ဖြစ် ပြီး ဖေဖော်ဝါရီနောက်ဆုံးပတ်က စတင် အဖြေလွှာစစ်ဆေးရမည် ဖြစ်သည်။

ယခင်ပညာသင်နှစ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သတ်မှတ်နေရာတွင် မူလ တန်းပြနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမများက အဖြေလွှာသွား ရောက်စစ်ဆေးရပြီး အဖြေလွှာ စစ်ဆေးခနှင့် ခရီးသွားလာစရိတ်ကို ပညာရေးဝန်ကြီးဌာနက ချ ထားပေးသည်။

ယခုပညာသင်နှစ် စတုတ္ထတန်းနှစ်ဆုံး စာမေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ)၊ အဋ္ဌမတန်း နှစ်ဆုံး စာမေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) တစ်ရက်လျှင် တစ်ဘာသာနှုန်း စစ်ဆေးမည်ဖြစ် သည်။ ခရိုင်အဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် အစိုးရ စစ်စာမေးပွဲ မေးခွန်းများဖြင့် စစ်ဆေးမည်ဖြစ်သည်။

၂၀၁၇-၁၈ ပညာသင်နှစ် မတိုင်မီက မြို့နယ်ရှိ သတ်မှတ် စာစစ်ဌာနရှိရာ ကျောင်းတွင်သာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းနှစ် ဆုံးစာမေးပွဲ ဖြေဆိုရသော်လည်း ယခုပညာသင်နှစ်၌ အခြေခံပညာ ကျောင်းတိုင်းစာစစ်ဌာနဖွင့်လှစ် ခွင့်ပြုထားသည်။

သို့သော်မြစ် ကူးချောင်းဖျားသွားလာရခြင်း မဟုတ်ပါက ဖြေဆိုမည့် ကျောင်းသားဦးရေပေါ် မူတည်ကာ မြို့ နယ်ပညာရေးမှူးရုံး အစီအစဉ် ဖြင့် စာစစ်ဌာနပေါင်းဖွင့်လိုပါက ပေါင်းဖွင့်ရန် အခြေခံပညာ ဦးစီး ဌာနက ညွှန်ကြားထားသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲကို တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် မေးခွန်းများဖြင့် ၂၀၁၄-၁၅ပညာသင်နှစ်ကစတင်စစ်ဆေးခဲ့သည်။

ပညာရေးဝန်ကြီးဌာန စာ ရင်းများအရ တစ်နိုင်ငံလုံးတွင်အ ခြေခံပညာကျောင်းသား၊ကျောင်း သူ ၉ ဒသမ ၁၄ သန်းရှိသည်။

source: 7day

News Read 6792 times