အဌမတန်းအဖြေလွှာစစ်ဆေးမည့် ဆရာ၊ ဆရာမများ အဖြေလွှာတစ်အုပ်လျှင် ကျပ်ငါးဆယ် ရရှိမည်

အဌမတန်းအဖြေလွှာစစ်ဆေးမည့် ဆရာ၊ ဆရာမများ အဖြေလွှာတစ်အုပ်လျှင် ကျပ်ငါးဆယ် ရရှိမည်

အဌမတန်းစာမေးပွဲ အဖြေလွှာများကို စစ်ဆေးမည့် ဆရာ၊ ဆရာမများ အနေဖြင့် အဖြေလွှာစာအုပ်လျှင် ကျပ်ငါးဆယ် ရရှိမည် ဖြစ်ပါသည်။

အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်ကြောင်း နှစ်ဆုံးစာမေးပွဲဖြစ်သည့် အဌမတန်းစာမေးပွဲကို ဖေဖော်ဝါရီ ၈ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များဖြေဆိုခဲ့ကြသည့် အဖြေလွှာများကိုလည်း သက်ဆိုင်ရာ စာစစ် ဌာန အလိုက် စစ်ဆေးမှုများ ပြုလုပ်သွားရမည် ဖြစ်ရာ စစ်ဆေးသည့် ဆရာ၊ ဆရာမများအနေဖြင့် အဖြေလွှာတစ်အုပ်လျှင် ၅၀ နှုန်း ရရှိမည် ဖြစ်သည်။

စာစစ်မှူးချုပ်တစ်ဦးလျှင် ကျပ်သုံးသောင်း၊ လက်ထောက်စာစစ်ဌာနမှူးချုပ် တစ်ဦးလျှင် ကျပ်နှစ်သောင်း ရရှိမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

"သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေကနေ ကြီးကြပ်ရေးမှူးတွေနဲ့ စာစစ်မှူးချုပ်တွေကို ဘယ်အတွက် ဘယ်လောက်သတ်မှတ်ပေးထားတယ်ဆိုတာကို ပြန်ပြောပြီး ရန်ပုံငွေတွေကို ပြန်ချပေးရမယ်။ သတ်မှတ်ပေးထားတဲ့ နှုန်းထားတွေအတိုင်း တိတိကျကျ ပြန်ချထားပေးရမယ်။ ဘာအကြောင်းနဲ့မှ ဖြတ်တောက်လို့ မရပါဘူး" ဟုပြောသည်။

စာမေးပွဲစစ်ဆေးခဲ့သော ရက်များအတွက်ကို ကြီးကြပ်ရေးမှူးတစ်ဦးလျှင် တစ်နေ့ ကျပ် ၁၅၀၀၊ လက်ထောက်ကြီးကြပ်ရေးမှူးတစ်ဦးကို တစ်နေ့ ကျပ် ၁၀၀၀ ချီးမြှင့်မည် ဖြစ်သည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲဆိုင်ရာ အသုံးစရိတ်များဖြစ်သော ချီးမြှင့်ငွေ၊ လုပ်အားကုန်ကျစရိတ်၊ ရုံးအသုံးအဆောင် ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းအစရှိသော ငွေစာရင်းခေါင်းစဉ် အသီးသီးအတွက် ရန်ပုံငွေ ကျပ်သန်းပေါင်းသုံးထောင့်ရှစ်ရာကျော်ကို ချထားပေးခဲ့ပါသည်။

စတုတ္ထတန်းကို ကျပ်သန်းနှစ်ထောင့်နှစ်ရာကျော် ၊ အဌမတန်းအသုံးစရိတ်ကို ကျပ်သန်းတစ်ထောင့်ခြောက်ရာကျော် ချထားပေးထားကြောင်း အဆိုပါ အသုံးစရိတ်များထဲတွင် ဆရာ၊ ဆရာမများ၏ ကြီးကြပ်ခများ၊ အဖြေလွှာစစ်ဆေးခများကိုလည်း ထည့်သွင်းပေးထားသည်။

source: democracy

News Read 2165 times